top of page
  • Writer's picturemachinthe

တိတ်တိတ်နေခြင်းအကြောင်း

ငယ်ငယ်က ကျွန်မဟာ အဆူခံရတိုင်း ဘာမှပြန်မပြောဘဲ ပေတိပေကပ်နေတတ်တယ် လူကြီးတွေ ပြောတတ်တဲ့ ပြန်မပြော နားမထောင်ဆိုတာမျိုးပေါ့ ဆူတဲ့လူကြီးတွေကို မျက်လုံးကြီး ပြန်ပြူးပြီးပဲ ကြည့်ခဲ့တယ် ဒေါသထွက်လွန်းလို့ ကျွန်မကို ခြေသလုံး သွေးထွက်အောင် ရိုက်တဲ့ ဆူတဲ့ လူကြီးတွေသာ သွေးတွေတက်သွားကြတယ် ကျွန်မ ငိုလည်း မငိုခဲ့ဘူး အသံတိတ်နည်းနဲ့ပဲ ဆန္ဒပြခဲ့တယ် (တကယ်တမ်းက ကလေးတစ်ယောက်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိနေတယ်ဆိုတာ လူကြီးတွေ သတိမထားမိခဲ့ကြဘူး)


တိတ်တိတ်နေတာနဲ့ ပတ်သက်ပြီး ဒီနေ့ လူမည်းပညာရှင် အော်ဒရီလော့ဒ်ရဲ့ ၁၉၇၇ ခုနှစ်က မော်ဒန်ဘာသာစကားအစည်းအရုံးရဲ့ ‌နှစ်ပတ်လည် ဆွေးနွေးပွဲမှာ ပြောခဲ့တဲ့ တိတ်တိတ်နေခြင်းကို ဘာသာစကားနဲ့ ပြုလုပ်ခြင်းသို့ အသွင်ပြောင်းခြင်းဆိုတဲ့ စာတမ်းကို ပြန်ဖတ်မိတယ် လော့ဒ်ကတော့ တိတ်တိတ်နေခြင်းဟာ သူလို လူမည်း lesbian မိန်းမတစ်ယောက်အတွက်တော့ အရာမဝင်ဘူးလို့ ရေးထားတယ် တိတ်တိတ်မနေလို့ အဖမ်းဆီးခံ အသတ်ဖြတ်ခံရတာက တိတ်တိတ်နေပြီး အဖမ်းဆီးခံရတာထက် သာတယ်လို့ လော့ဒ်က ဆိုထားတယ်


သေခြင်းတရားဟာ လုံးဝဥဿုံ တိတ်တိတ်နေခြင်းပဲတဲ့ ဒါပေမဲ့ သေခြင်းဟာ ဘယ်သူအတွက်မဆို အနှေးနဲ့ အမြန်လာမှာပဲဆိုတော့ ရှင်နေချိန်မှာ တိတ်တိတ်နေခြင်းဟာ အရှင်လိုက်သေနေသလိုပဲ ဖြစ်လိမ့်မယ်လို့ လော့ဒ်က ဆိုထားတယ်


အဲ့ဒီစာတမ်းထဲက ကျွန်မ စိတ်ကို အနိုးဆွဆုံး စာပိုဒ်ကို ဘာသာပြန်ပေးလိုက်တယ် (စာတမ်းအပြည့်အစုံရဲ့ PDF ကို အောက်မှာ ထည့်ပေးထားပါတယ်)


"ငါ ကြောက်တာပေါ့ တိတ်တိတ်နေခြင်းကို စကားလုပ်ပြောတာနဲ့ ပြုလုပ်ခြင်းကို အသွင်ပြောင်းတယ်ဆိုတာ ကိုယ့်ကိုယ်ကို လှစ်ဟလိုက်တာပဲ အဲ့ဒါက အမြဲတမ်း အန္တရာယ် အပြည့်ရှိတယ် ဒါပေမဲ့ ငါ့သမီးကို ငါတို့ရဲ့ ရုန်းကန်ရမှုတွေအကြောင်း ပြောပြတဲ့အခါ သူက ပြောတယ် အမြဲတမ်းဆိတ်ဆိတ်နေရတဲ့အခါ လူက ဘယ်တော့မှ လူလုံးလုံးမဖြစ်ဘူး ခန္ဓာကိုယ်ထဲမှာ ပေါက်ကွဲပွင့်အန်ချင်နေတဲ့ အပိုင်းအစတစ်ခုက အမြဲရှိနေတယ် ဒါကို လျစ်လျှူရှုထားရင် တစ်နေ့ထက်တစ်နေ့ ပိုဒေါသထွက်မယ် ပိုရူးသွပ်လာမယ် နောက်ဆုံးမှာ အဲ့ဒီအပိုင်းအစက‌ ပါးစပ်ထဲကနေ ပြန်ပြီး လက်သီးနဲ့ ထိုးလိမ့်မယ်"


တိတ်တိတ်နေခြင်းနဲ့ ကျွန်မတို့ အာခံကြပေမယ့်၊ တိတ်တိတ်နေခြင်းနဲ့ ဖီဆန်တဲ့နေရာမှာ အောင်နိူင်မှုတွေ ရှိနိူင်ပေမယ့် တိတ်တိတ်နေရင်း ကျွန်မတို့ လျှာတွေ သေမသွားဖို့ လိုအပ်တယ် တိတ်တိတ်နေနေလို့ အောက်က ဂဏန်းညှပ်ထားတာတွေ လူမသိ သူမသိမဖြစ်သွားဖို့ လိုအပ်တယ် ငိုတတ်ပေမယ့်လည်း မုန့်မရခဲ့တဲ့ကလေးတွေဆိုတော့ ငိုဖို့ကို လက်လျှော့လာကြတာ မှန်ပေမယ့် လော့ဒ် ပြောသလို တိတ်တိတ်နေခြင်း‌ကနေ ဘယ်လို စကားပြန်ပြောကြမလဲ ဘယ်လို အပြုအမူတွေ ဖြစ်လာနိူင်မလဲ


အမေရိကတိုက်က မိုဟော့ခ် အင်ဒီးဂျနင့် မနုဿဗေဒပညာရှင် အော်ဒရာဆင်ပဆွန်ကတော့ တိတ်တိတ်နေခြင်းထက် ငြင်းဆိုခြင်းက ပိုအစွမ်းထက်တယ်ဆိုပြီး သူ့ရဲ့ မိုဟော့ခ်လူမျိုးစုတွေက အမေရိကန်နဲ့ ကနေဒါအစိုးရ‌တွေရဲ့ နိူင်ငံသားပေးကမ်းထောက်ပံ့မှုတွေကို ငြင်းဆိုချက်တွေကို လေ့လာတဲ့ သုတေသနကနေ ထောက်ပြထားတယ် အခြေချကျုးကျော်နေတဲ့ အမေရိကန်နဲ့ ကနေဒါကိုလိုနီတွေရဲ့ ပေးစာ ကမ်းစာကို စားမယ့်အစား သူတို့ရဲ့ နိူင်ငံဖြစ်တည်မှု‌တွေကို အသိအမှတ်လုံးဝမပြု ငြင်းဆိုတဲ့ သဘောပဲ (ဆင်ပဆွန်ရဲ့ မိုဟော့ခ်က က,ဖျက်ရ,ဖျက်လုပ်ခြင်းစာအုပ်ကို အောက်မှာ လင့်ခ် ထည့်ပေးထားပါတယ် နောက်မှ ငြင်းဆိုမှုအကြောင်း သီအိုရီ‌ကို သေချာရေးပါဦးမယ်)


ကျွန်မတို့ကရော ကျွန်မတို့ တိတ်တိတ်နေမှုတွေကို ဘယ်လို အသွင်ပြောင်းကြမလဲ တချို့က တိတ်တိတ်နေခြင်းဟာ သူတို့ကိုယ်သူတို့ ဆရာကြီးလိုလို သဘာကြီးလိုလို အထင်ခံရနိူင်လို့ တိတ်တိတ်နေကြတယ် သူတို့ရဲ့ ခံယူချက်တွေက မသဲကွဲတော့ သူတို့ ဘာကောင်လဲဆိုတာလည်း ဝေဖန်လို့ မရဘူး ဒီလို မသဲမကွဲနဲ့ ဆရာကြီး ဖြစ်နေမယ့်အစား ကျွန်မတော့ ကျွန်မရေးတဲ့စာတွေ ‌ပြောတဲ့စကားတွေကို တိုက်ခိုက်‌စစ်ဆေးစမ်းခံရတဲ့ အသံကျယ်တဲ့သူ ကျွန်မခံယူရာကို လိုက်နာနိူင်တဲ့သူ အမှားတွေရှိကောင်းရှိပေမယ့် အဲ့ဒီအမှားတွေကို ဝန်ခံပြီး ပြင်ဆင်နိူင်တဲ့သူ တစ်ယောက်သာ ဖြစ်ချင်တယ် ကြောက်ရွံ့လို့ တိတ်တိတ်နေတာထက် အံကျိတ် လက်သီးဆုပ်ပြီး အာခံငြင်းဆိုတဲ့သူတစ်ယောက်ပဲ ကျွန်မ ဖြစ်ချင်တယ်


ဇန်နဝါရီ ၃၁ ၂၀၂၂


အော်ဒရီလော့ဒ်ရဲ့ တိတ်တိတ်နေခြင်းကို ဘာသာစကားနဲ့ ပြုလုပ်ခြင်းသို့ အသွင်ပြောင်းခြင်းဆိုတဲ့ စာတမ်း


‌အော်ဒရာ ဆင်ပဆွန်ရဲ့ မိုဟော့ခ်က က,ဖျက်ရ,ဖျက်လုပ်ခြင်း အခြေချကိုလိုနီနိူင်ငံများကြားက နိူင်ငံရေးဘဝ စာအုပ်

Mohawk Interruptus: Political Life Across the Borders of Settler States https://g.co/kgs/fkc5oy


ပုံကတော့ လွန်ခဲ့သော ၂ နှစ်ခန့်က ရန်ကုန်မြို့ လှည်းတန်းတွင် သတိ CCTV များတပ်ဆင်ထားသည်ဆိုသော စာတမ်းကြီးကို လမ်းတစ်ခုတွင် ချိတ်ဆွဲထားသည်ကိုတွေ့ရစဉ်



bottom of page