top of page
  • Writer's picturemachinthe

တပ်ဖျက်သိမ်းရေး - အဘောလစ်အဆိုလား?

လွန်ခဲ့တဲ့ ရက်ပိုင်းထဲမှာ သီဟဝင့်အောင်နဲ့ ထက်မင်းလွင်တို့ ရေးသားထားတဲ့ "ဘာလက်နက်ကိုင်စစ်တပ်မှ မရှိတဲ့ မြန်မာပြည်ကို မျှော်ရည်မှန်းချိန် တန်ပြီ" ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ရပါတယ် (မူရင်းကိုတော့ Review of Democracy blog မှာ အင်္ဂလိပ်လို ထုတ်ပြန်ခဲ့ပြီး သီဟဝင့်အောင်ရဲ့ Medium blog ကနေ မြန်မာလိုပြန်ထားတာရှိတဲ့အတွက် မြန်မာပြန်ကိုပဲ ကျွန်မ အဓိကထားသုံးသပ်သွားပါမယ်)

ပထမဆုံး မြန်မာပြည် နိူင်ငံရေးအသိုင်းအဝိုင်းထဲမှာ Abolition ဆိုပြီး ပိုင်ပိုင်နိူင်နိူင် သုံးထားတာ၊ စစ်အစိုးရကိုသာမက လက်နက်ကိုင်စစ်တပ်ပေါင်းစုံကို abolish လုပ်ရမယ်ဆိုပြီး တိတိလင်းလင်းဆိုထားတဲ့ စာရေးသူနှစ်ယောက်ရဲ့ အာဘော်ကို abolitionist တစ်ယောက်အနေနဲ့ ကျွန်မ သဘောကျမိတယ်ဆိုတာ စကားချပ်ခံချင်တယ် နိူင်ငံရေးနဲ့ပတ်သက်လာရင် ဝင်ရိုးစွန်းနှစ်ခြမ်း (စစ်တပ်ထောက်ခံသူနဲ့ NUG/PDF ထောက်ခံသူ) ကြားမှာပဲ တစ်ခုခုကို ရွေးချယ်ကြရတဲ့၊ ရွေးချယ်နေကြတဲ့ခေတ်မှာ ဒီလိုမျိုး တပ်ဆိုရင် ဘယ်တပ်ကိုမဆို ဖြုတ်ချရမယ်လို့ ဆိုတာဟာ တော်ရုံတန်ရုံအများကြိုက်တဲ့စကားမဟုတ်ဘူးဆိုတာ ကျွန်မ သိနေတဲ့အတွက် စာရေးသူနှစ်ယောက် ပေါ်ပေါ်ထင်ထင် ချရေးထားတာကို abolitionist သဘောတရားတွေကို လက်ခံကျင့်သုံးချင်တဲ့သူတစ်ယောက်အနေနဲ့ သဘောကျတယ်လို့ အရင်ဆိုပါရစေ

ဒီလို စကားပလ္လင်ခံပြီးတော့ ကျွန်မ စာရေးသူနှစ်ယောက်ရဲ့ ဆောင်းပါးကို သေချာသုံးသပ်ကြည့်ချင်ပါတယ် အသေးစိတ်အာဘော်တွေကို မသုံးသပ်ခင် ယေဘုယျအနေနဲ့ abolition ကို မြန်မာမှုပြန်ထားပုံကို ကျွန်မ အရင် စဉ်းစားကြည့်ချင်တယ် သီဟဝင့်အောင်ရဲ့ မြန်မာပြန်မှာတော့ abolition ကို "ဖျက်သိမ်းရေး" (စစ်တပ်ဖျက်သိမ်းရေး)လို့ သုံးထားတာ တွေ့ရပါတယ် ဒါက ကျွန်မအတွက် စိတ်ဝင်စားစရာပါပဲ abolition ကို ကျွန်မအရင်ရေးခဲ့တဲ့ စာတွေအရသော်လည်းကောင်း၊ ပြီးခဲ့တဲ့လတွေထဲက abolition အကြောင်းဖတ်ခဲ့ကြတဲ့ စာတွေထဲမှာရော၊ စီမုန်းမာဂ်စာလင်းရဲ့ ဆောင်းပါးကို ဘာသာပြန်ထားတာမှာရော "စနစ်များကို ဖြိုချဖျက်ဆီးခြင်း" လို့ ကျွန်မ ဘာသာပြန်ခဲ့ပါတယ် ဒါကတော့ ကျွန်မအမြင်အရ abolition ဟာ စစ်တပ်ဆိုတဲ့ အဆောက်အအုံတစ်ခု၊ infrastructure တစ်ခုကိုပဲ ဖျက်ဆီးဖို့ ဆိုလိုတာမဟုတ်ဘဲ စစ်တပ်နဲ့တကွ တခြားသော ချိတ်ဆက်နေတဲ့၊ အချင်းချင်း ထောက်ပံ့ပေးနေတဲ့ ထောင်၊ ရဲအစရှိတဲ့ စနစ်တွေကနေမှတဆင့် လူမှုရေးနဲ့ ရိုးရာဓလေ့စနစ်တွေ ဖြစ်တဲ့ မဟာဖိုဝါဒ၊ အထက်အောက်ဝါဒ အစရှိတာတွေကိုပါ ဖြိုချခြင်းကို ဆိုလိုတယ်လို့ ကျွန်မ ယူဆလို့ပါပဲ သို့ပေသိ ထားပါတော့ အင်္ဂလိပ်စာလုံးတွေနဲ့ အင်မတန်ကျယ်ပြန့်တဲ့ သီအိုရီအတွေးအခေါ် concept တွေကို မြန်မာမှုပြုတဲ့အခါ စံစကားလုံးပြုဖို့ကတော့ ခက်နေသေးတာပါပဲ (စံလည်း ပြုစရာလိုချင်မှ လိုပါမယ် ဥပမာ - ဖီမီနင့်ဇင်ကိုပဲ ကြည့်ပါ ဖမ်မန်နင့်လို့ သုံးတဲ့သူရှိသလို အမျိုးသမီးဝါဒလို့ သုံးကြတဲ့သူတွေလည်း အခုထိရှိနေသေးတုန်းပါပဲ) အဓိက စကားအခေါ်အဝေါ်တွေကို စံပြုတာထက် ဒီလို အင်္ဂလိပ်ဝေါဟာရ concept တွေကို မြန်မာမှုပြုတဲ့အခါ ဘယ်လိုအဓိပ္ပါယ်တွေကို သုံးတဲ့သူက ဖော်ကျူးချင်တာလဲဆိုတာက ပိုစိတ်ဝင်စားစရာပါ

(အင်္ဂလိပ်စာလုံးလို့ ပြောလို့ အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်သူတွေက ဒီကိုလိုနှိုက်ဇေးရှင်းတို့၊ ဖီမီနင့်ဇင်တို့၊ အခု အဘောလစ်ရှင်းနစ်ဇင်တို့တွေ အကုန်လုံးဟာ အနောက်နိူင်ငံတင်သွင်းကုန်တွေပဲဆိုပြီး ဝါးလုံးရှည်နဲ့ သိမ်းကြုံးပြီး ပုတ်ခတ်ကောင်း ပုတ်ခတ်ကြပါဦးမယ် အနောက်လို့ပြောတိုင်းလည်း လူဖြူအနောက်ကိုပဲ ဘိုးတော်ခေါ်နေတာ မဟုတ်ကြောင်း၊ အနောက်သည်လည်း အရှေ့လိုမျိုးပဲ တစ်ပြေးညီ ခေတ်မီတိုး‌တက်နေတာမဟုတ်ကြောင်း သတ်သတ် ရေးချင်ပါသေးတယ် အနောက်တင်သွင်းဆိုပြီး xenophobic လို့ ခေါ်တဲ့ အပြင်မုန်းတဲ့စိတ်ဓါတ်တွေကို အမျိုးသားရေးစိတ်ဓါတ်နဲ့ ရောသမမွှေထားတဲ့ ဝေဖန်ချက်တွေကတော့ ကျွန်မအတွက် ခြေခြေမြစ်မြစ်ရှိမနေဘူးဆိုတာ စကားချပ်ခံပါရစေ)

အဲ့ဒီတော့ ပြန်ကောက်ရရင် စာရေးသူနှစ်ယောက်အနေနဲ့ အဘောလစ်ရှင်းကို ဆိုလိုတဲ့နေရာမှာ ဘယ်လိုအဘောလစ်ရှင်းမျိုးကို ဆိုလိုချင်တာလဲဆိုတာ ကျွန်မ စာဖတ်ရင်း မသဲမကွဲဖြစ်မိတယ် စစ်တပ်ကိုဖျက်သိမ်းရမယ်ဆိုတဲ့ အဘောလစ်ရှင်းအယူအဆကို လက်ခံသလို လက်နက်ကိုင်တပ်၊ ဖက်ဒရယ်တပ်တွေအကုန်လုံးကို ဖျက်သိမ်းရမယ်ဆိုတာကိုလည်း အဘောလစ်ရှင်းနစ်အမြင်နဲ့ ကျွန်မ လက်ခံနိူင်ပါတယ် ဒါပေမဲ့ ဘယ်လိုမျိူးပုံစံနဲ့ ဒီတပ်တွေကို ဖျက်သိမ်းစေချင်သလဲ၊ ဖျက်သိမ်းကြမလဲဆိုတဲ့နေရာမှာတော့ ကျွန်မ နားလည်မှု လစ်ဟင်းသွားတယ်

စစ်တပ်ကို ဖျက်သိမ်းရမယ်ဆိုတဲ့နေရာမှာ စာရေးသူနှစ်ယောက်က ဒီလိုမျိုး ရေးထားပါတယ်

"ယနေ့ကာလ တော်လှန်ရေးနဲ့ ဦးဆောင်နေအဖွဲ့အစည်းတွေက စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရန် မျှော်မှန်းထားကြောင်း အကြိမ်ကြိမ် ကြေညာပြီး ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးမှာ စစ်တပ်ရဲ့ လွှမ်းမိုးစွက်ဖက်မှုကို အဆုံးသတ်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ကြီးကျယ်တဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ရန်မှာ လူမျိုးအုပ်စု-သွေးသားတော်စပ်မှုအပေါ်အခြေခံတဲ့ အမျိုးသားရေးဝါဒနဲ့ ဒီဝါဒကနေ ပေါက်ဖွားလာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးကို ဖျက်သိမ်းပစ်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ လက်ရှိမြန်မာစစ်တပ်/ဗမာစစ်တပ်ကို အခု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) လို့ခေါ်တဲ့ တပ်ဖွဲ့တွေ၊ ဒါမှမဟုတ် အနာဂတ်မှာ PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAO တွေ ပေါင်းစည်းပြီး ဖွဲ့စည်းမယ်ဆိုတဲ့ ဖက်ဒရယ်အာမီနဲ့ အစားထိုး ပြောင်းလဲပစ်လိုက်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီနေ့ မြန်မာပြည်လို့ ခေါ်တဲ့ ဒေသမှာ အမျိုးသားစစ်တပ်၊ ဘာစစ်တပ်၊ ဘာလက်နက်ကိုင်တပ်ဖွဲ့မှ မထားတော့ဘဲ လက်နက်ကိုင်တပ်အားလုံး ဖျက်သိမ်းပစ်ဖို့ကို ဆိုလိုတာ ဖြစ်ပါတယ်။"

ဒီအာဘော်ဟာ ကျွန်မအတွက် စိတ်ဝင်စားစရာကောင်းပါတယ် ဘာလို့လဲဆိုတော့ စာရေးသူတွေအနေနဲ့ တပ်ဆိုတဲ့အယူအဆအမူအကျင့်ကို ဖျက်သိမ်းဖို့ဆိုတဲ့နေရာမှာ "လူမျိုးအုပ်စု-သွေးသားတော်စပ်မှုအပေါ်အခြေခံတဲ့ အမျိုးသားရေးဝါဒနဲ့ ဒီဝါဒကနေ ပေါက်ဖွားလာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး" ကို ဖျက်သိမ်းပစ်ရမယ်လို့ ဆိုထားပါတယ် ဒီအဆိုကို ကျွန်မ အနုစိတ်ပြီး စဉ်းစားကြည့်ချင်တယ် တစ်လောက ကျွန်မ ဘာသာပြန်ခဲ့တဲ့ မာဂ်စာလင်းရဲ့ ဆောင်းပါးအောက်မှာ ရေးခဲ့တဲ့ မှတ်ချက်တွေထဲကလိုပဲ ကျွန်မတို့ကို ဖိနှိပ်ထားတဲ့ စနစ်တွေကို ဖြိုချဖျက်ဆီးဖို့ဆိုတာ ကျွန်မတို့ ခန္ဓာနဲ့စိတ်တွေဟာ ဖိနှိပ်ခံထားရပါတယ်ဆိုတာကို မိမိကိုယ်ကို သတိမူမိရာကနေ စရမယ်ဆိုတာကို ပြန်သတိရမိတယ် အဲ့ဒီလိုဆိုရင် လူမျိုးစုစစ်တပ်‌တွေကို ဖျက်သိမ်းဖို့ဆိုတာ အဲ့ဒီ လူမျိုးစုဖြစ်တည်မှု၊ လူမျိုး‌စုတွေအပေါ်အခြေခံထားတဲ့ နိူင်ငံရေးဝါဒတွေ (ရိုးရာဓလေ့ထုံးစံတွေပါ အပါအဝင်)ဟာ အဲ့ဒီလူမျိုးစုတွေကို ပြန်ပြီး ဖိနှိပ်ထားတယ်ဆိုတဲ့ ပထမအချက်ကို အရင် သဘောပေါက်ရမယ်လို့ ကျွန်မ တွေးမိတယ်

ဒါဟာ တစ်နည်းပြောရရင် identity politics တွေကို ဆိုလိုတာပါပဲ ကချင်၊ ကရင်၊ မွတ်စလင်၊ မိန်းမအစရှိတဲ့ ဖြစ်တည်မှုတွေကို အခြေခံပြီး စစ်တပ်စနစ်ကို ကျင့်သုံးလာရင် အဲ့ဒီစစ်တပ်စနစ်ကို ဖျက်သိမ်းဖို့ဆိုတာ အဲ့ဒီဖြစ်တည်မှုတွေကိုပါ ခဝါချဖျက်သိမ်းဖို့ လိုလာတာပါပဲ ဖြစ်တည်မှုလေဘယ်တွေကို အရင်မဖျက်သိမ်းဘဲ အဲ့ဒီနောက်က ပေါ်ပေါက်လာတဲ့ တပ်စနစ်၊ ထောင်စနစ်၊ ရဲစနစ်ဆိုတာကို ဖျက်သိမ်းဖို့က ကျွန်မအမြင်မှာ ခက်ပါတယ် စာရေးသူနှစ်ယောက်အနေနဲ့ရော အဲ့ဒီအချက်ကို စဉ်းစားမိကြသလား ကျွန်မ စိတ်ဝင်စားမိတယ် စဉ်းစားမိရင် မိမိရဲ့ ဖြစ်တည်မှုလေဘယ်တွေကို ဘယ်လိုဖျက်သိမ်းဖို့ စဉ်းစားမိသလဲဆိုတာ ကျွန်မ သိချင်မိတယ် ဒါက ဝေဖန်တယ်ဆိုတာထက် စဉ်းစားတွေးခေါ်မှုပိုင်းဆိုင်ရာ နှီးနှောကြည့်ချင်တာပါပဲ

ဘာလို့လဲဆိုတော့ ဖြစ်တည်မှုတွေကို အခြေခံပြီး ရုန်းကန်ကြမှုတွေ၊ အခွဲခြားခံရမှုတွေဟာ တော်‌ရုံတန်ရုံအကုန်လုံး မေ့ပျောက်လိုက်ကြဖို့ မလွယ်ပါဘူး ဘယ်လောက်ပဲ မိန်းမဖြစ်တည်မှုကို မေ့ပျောက်ပြီး ယောင်္ကျား၊ မိန်းမ တန်းတူသဖွယ်နေကြပါလားလို့ ပြောရတာလွယ်ပေမဲ့ ဂျန်ဒါတန်းတူအခွင့်အရေးရှိပါတယ်ဆိုတဲ့ နေရာတွေမှာတောင် ဂျန်ဒါအခြေပြု ဖိနှိပ်မှုတွေ ရှိနေသေးသလို လူမျိုးစုစစ်တပ်တွေလည်း ဗမာစစ်တပ်က ဖိနှိပ်တိုက်ခိုက်နေသေးသရွေ့ တပ်ကို ဖျက်သိမ်းပြီး နေကြပါလား ပြောရတာ ခက်ပါတယ် ဒီလိုပြောလို့ ကျွန်မက တပ်စနစ်ကို လူမျိုးစုတွေမို့လို့ အားပေး‌အားမြှောက်ပြုနေတာမဟုတ်ပါဘူး လူမျိုးစုတပ်တွေထဲမှာကိုက ဖြိုချရမဲ့၊ ပြဿနာတွေရှိနေတဲ့ အထက်အောက်စနစ်တွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေရှိနေသေးဆဲဆိုတာ သိပါတယ် ဒါပေမဲ့ ဒီနေရာမှာ ကျွန်မထောက်ပြချင်တာက စာရေးသူနှစ်ယောက်ရဲ့ တပ်စနစ်ကို ဖျက်သိမ်းဆိုတဲ့ အာဘော်ဟာ သွားနိူင်ရင် သွားသင့်သလောက်နဲ့ စာဖတ်သူတွေအတွက် လစ်ဟင်းသွားတယ်ဆိုတာပါပဲ အဘောလစ်ရှင်းနစ်အမူအကျင့်ကို လက်ခံကျင့်သုံးချင်တဲ့သူတစ်ယောက်အနေနဲ့ ကျွန်မအတွက်ကတော့ စိတ်ကူးယဉ်ပုံဖော်မှုဟာ အဖြေပါပဲ ဒါကို ကမ္ဘာတစ်ဝှမ်းက အဘောလစ်ရှင်းနစ်သမားတွေကလည်း ထပ်ခါတလဲလဲ ရေးထားကြပါတယ် အထက်က ပြောသလို မိမိကိုယ်ကိုယ်ရဲ့ ဖြစ်တည်မှုကို ဖြိုချဖျက်ဆီးဖို့ဆိုတာ မိမိဟာ လက်ရှိဖြစ်နေတာထက် ဘာရော ဖြစ်နိူင်ဦးမလဲဆိုတာကို မြင်ယောင်တတ်ဖို့ အခွင့်အရေး၊ စိတ်ခန္ဓာ သယံဇာတတွေ လိုတယ် ဒီအလေ့အကျင့်ဟာလည်း အခုရေတွင်းတူး အခုရေကြည်သောက်လို့ရတဲ့ အလေ့အကျင့် မဟုတ်တော့ ခက်တယ် နောက်ပြီး စိတ်ကူးယဉ်ပါဆိုတဲ့ စကားဟာ ကျွန်မအတွေ့အကြုံအရ ဖိုဆန်တဲ့ (ဒီနေရာမှာ ယောင်္ကျားဖြစ်နေမှ ဖိုဆန်တာ မဟုတ်ပါဘူး) နိူင်ငံ‌ရေးသမား၊ ပညာရှင်တွေအတွက် အင်မတန်မှ ပြောရခက်တဲ့ စကားလုံးတစ်လုံးပဲ စာရေးသူနှစ်ယောက်ရော စိတ်ကူးယဉ်ပုံဖော်ပါလို့ ပြောရတာ ခက်နေကြသ/မလား ကျွန်မ စိတ်ဝင်စားမိတယ် (ဆောင်းပါးထဲမှာတော့ ဖက်ဒရယ်အာမီကြီး ထောင်လိုက်မဟဲ့လို့ စိတ်ကူးယဉ်ကြတာတွေကိုတော့ ဝေဖန်ထားတာ ဖတ်ရပါတယ်)

(စိတ်ဝင်စားစရာက စာ‌ရေးသူနှစ်ယောက်က အဘောလစ်ရှင်းအကြောင်း ရေးသွားပေမဲ့ ဘယ်အဘောလစ်ရှင်း စာရေးသူတွေရဲ့ အတွေးအခေါ် အရေးအသားတွေကိုမှ မကိုးကားထားတာပါပဲ blog စာလုံးရေအကန့်အသတ်ကြောင့်ပဲလားတော့ မပြောတတ်ပါ ဒါပေမဲ့ အဲ့ဒီလို အဘောလစ်ရှင်းနဲ့ ပတ်သက်တဲ့ ပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ ဖြစ်တဲ့ အန်ဂျလာဒေးဗစ်တို့၊ မာရီယန် ကာဗာတို့၊ ဒင်းစပိတ်တို့ရဲ့ စာတွေ၊ အတွေးအခေါ်ကို မကိုးကားထားတော့ အဘောလစ်ရှင်းနဲ့ စိမ်းတဲ့သူတွေအတွက် ဒီအာဘော်ဟာ "utopic" ဖြစ်တယ်လို့ အဲ့ဒီဆောင်းပါးကို တုံ့ပြန်ချက်တွေမှာ အလွယ်တကူပုတ်ခတ်တာတွေကို ကျွန်မ ‌တွေ့ရတယ် အဘောလစ်ရှင်းသဘောတရားတွေဟာ မရင်းနှီးသူတွေအတွက် Utopic ဆန်တယ်လို့ ဝေဖန်ခံရတာ ပြဿနာတစ်ခုပါပဲ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး အောက်မှာ ညွှန်းစာတွေ ထည့်ထားပေးပါတယ်)

နောက်တစ်ချက်က စာရေးသူနှစ်ယောက် တိတိလင်းလင်း ဝေဖန်ထားတဲ့ EAO တွေရဲ့ "ကျဉ်းမြောင်းတဲ့ လူမျိုးအပေါ်အခြေခံတဲ့ အမျိုးသားရေးဝါဒ" ဟာ လွတ်မြောက်ရေးအတွက် အသုံးမဝင်ဘူးဆိုတဲ့ အာဘော်ပါပဲ ဒါကိုလည်း ယေဘုယျအားဖြင့် ကျွန်မ လက်ခံပါတယ် လူမျိုး‌စုအခြေပြု အမျိုးသားရေးအမြင်လို့ ခေါ်တဲ့ ethnonationalism ဟာ အမျိုးသားရေးဝါဒလိုမျိုးပဲ ဝေဖန်သုံးသပ်သင့်တဲ့အရာတစ်ခုပဲ ဗြိတိသျှကိုလိုနီခေတ်နောက်မှာ ထကြွလာတဲ့ ဝံသာနုစိတ်ဓါတ်တွေဟာ အခုကာလ‌တွေထိအောင် ရှင်သန်နေကြဆဲဖြစ်တဲ့အတွက် ဗမာလူမျိုးကြီးဝါဒအောက်မှာ ပုန်ကန်ထကြွရာကနေ ဖြစ်တည်လာတဲ့ လူမျိုးစုအမျိုးသားရေးစိတ်ဓါတ်တွေဟာ ပြင်းထန်နေတာ ထူးတဲ့ကိစ္စတော့ မဟုတ်ပါဘူး ဗမာလို ကြီးပြင်းလာတဲ့လူတစ်ယောက်အနေနဲ့ ဗမာမဟုတ်တဲ့ လူမျိုးစုတွေကို သူတို့ရဲ့ အမျိုးသားရေးစိတ်ဓါတ်တွေကို လျှော့ချလို့ ပြောရမှာတော့ ဗြိတိသျှလူဖြူတစ်ယောက်က ဝံသာနုဗမာတစ်ယောက်ကို ဖျင်ကြမ်းအင်္ကျီတွေ ဘာလို့ ဝတ်နေသေးတာလဲ ပြောသလိုမျိုးဖြစ်တဲ့အတွက် ကျွန်မတော့ နည်းနည်း လက်ရွံ့မိတယ် ဒီနေရာမှာ လူဖြူယောင်္ကျားတစ်ယောက်လို ပိရိမစ်ရဲ့ ထိပ်ဆုံးမှာ မရှိနေတဲ့၊ ဖိနှိပ်မှုတွေကို အလွှာလိုက် ပုံသဏ္ဍာန်မတူပေမဲ့လည်း ခံစားနေကြရတဲ့ လူအုပ်စုတွေအချင်းချင်း တစ်စုက နောက်တစ်စုကို ဆရာကြီး သဘာကြီးလိုမျိုးပုံစံနဲ့ ပြောတာမျိုးမဟုတ်ဘဲ ဘယ်လို အတူတကွ လက်တွဲပြီး လွတ်မြောက်ဖို့ ကြိုးစားကြမလဲ? စနစ်တွေကို ဖြိုချဖျက်ဆီးဖို့ရာ အတူတကွ လက်တွဲမှုတွေ လိုအပ်နေတာ အမှန်ပဲ

နောက်ဆုံးအချက်အနေနဲ့ ဒီဆောင်းပါးထဲက အာဘော်တွေထဲမှာ ကျွန်မ သဘောမတူဆုံးတစ်ချက်က ဆောင်းပါးနောက်ဆုံးအချက်ပါပဲ

"မြန်မာပြည်သူတွေ ရင်ဆိုင်ရတဲ့ နံပါတ်တစ် အမျိုးသားလုံခြုံရေး အန္တရာယ်ဟာ ပြည်ပရန် မဟုတ်ဘဲ ပြည်တွင်းက ‘အမျိုးသားစစ်တပ်’ ပဲဆိုတာကို သမိုင်းက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ယူကရိန်းလိုမျိုး ပြည်ပရန် ကြုံရတဲ့အခါမှာ လက်နက်ထောက်ပံ့ခြင်းအပါအဝင် နည်းလမ်းပေါင်းစုံနဲ့ နိုင်ငံတကာက ကူညီကြတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာပြည်လိုမျိုး (ဆီးရီးယားနှင့် အာဖဂန်နစ္စတန်လိုမျိုး) မှာ ယုတ်မာရိုင်းစိုင်းတဲ့ နိုင်ငံစစ်တပ်က ကိုယ့်ပြည်သူကို အကြမ်းဖက်တဲ့ အခါမှာတော့ နိုင်ငံတကာက ‘ပြည်တွင်းရေး’ ဆိုပြီး ဘာမှမကူညီကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။"

စာရေးသူနှစ်ယောက်က အရေးကြီးလှတဲ့၊ စနစ်များကို ဖြိုချဖျက်ဆီးခြင်းအကြောင်းပြောတိုင်း လူတွေ မေးခွန်းထုတ်လေ့ရှိတဲ့ " နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးက အမျိုးသားစစ်တပ်မရှိရင် ဘယ်လိုလုပ်မလဲ။" ဆိုတဲ့ မေးခွန်းကို ဖြေထားတဲ့ အဖြေဟာ လိုအပ်ချက်တွေရှိနေသေးတဲ့အပြင် စာရေးသူနှစ်ယောက်ကိုယ်တိုင် မသိမသာသော်လည်းကောင်း၊ သိသိသာသာသော်လည်းကောင်း လက်ကိုင်ထားဆဲဖြစ်တဲ့ အဘောလစ်ရှင်းသဘောတရားတွေနဲ့ ဆန့်ကျင့်နေတဲ့ နယ်နိမိတ်၊ နိူင်ငံအချုပ်အခြာအာဏာဆိုတဲ့သဘောတရားတွေကို လှစ်ဟာပြလိုက်တယ်လို့ ကျွန်မ မြင်မိတယ်

စာရေးသူနှစ်ယောက်ရေးထားတဲ့ မြန်မာပြည်ရဲ့ အဓိကရန်သူဟာ ပြည်တွင်းရန်ဖြစ်တယ်လို့ဆိုတဲ့ အာဘော်ကို ကျွန်မ လက်မခံပါဘူး (ပြည်တွင်းဆိုတာ ဘာကို ဆိုလိုလဲဆိုတာတောင် ပြန်စဉ်းစားကြည့်ရပါဦးမယ်) အမှန်တကယ် စနစ်တွေကို ဖြိုချသူသာဆိုရင် ကျွန်မတို့အပေါ် ဖိနှိပ်ထားတဲ့ စနစ်တွေဟာ ပြည်တွင်းမှာပဲ ပေါက်ဖွားပြီး ပြည်တွင်းမှာပဲ လည်ပတ်နေတာတော့ မဟုတ်ဘူးဆိုတာ သဘောပေါက်ကောင်း သဘောပေါက်မိမှာပါ မြန်မာပြည်မှာ ဖွားပေမဲ့ ပြည်ပမှာကြီးတဲ့၊ ရွှေ့ပြောင်းအခြေချ‌သူတွေအပေါ် ဆက်လက်သက်ရောက်နေဆဲဖြစ်တဲ့ long-distance nationalism နဲ့ diaspora politics တွေကို အဘောလစ်ရှင်းသဘောတရားနဲ့ စဉ်းစားလို့ မရနိူင်ဘူးလား? Diaspora ကနေ EAO တွေ PDF တွေကို ထောက်ပံ့ပေးနေတဲ့ ငွေကြေးနဲ့ တခြားသောအရာတွေကိုရော ကျွန်မတို့ ဘယ်လိုသုံးသပ်ကြမလဲ? တိုတောင်းလှတယ်လို့ ကျွန်မ မြင်တဲ့ ဒီတစ်ပိုဒ်‌တည်းသော အဖြေဟာ ဒီမေးခွန်းရဲ့ အတိမ်အနက်ကို မကာမိပါဘူး စနစ်များကို ဖြိုချဖျက်ဆီးကြဟေ့ဆိုရင် မြန်မာပြည်က စစ်တပ်၊ ဘုရင်စစ်တပ်စနစ်၊ လူမျိုးစုစစ်တပ်တွေသာမက ပြည်ပက စစ်တပ်စနစ်ပေါင်းစုံကိုပါ ဖြိုချရမှာပါ ပြည်တွင်း/ပြည်ပဆိုတဲ့ နယ်နိမိတ်ကို အခြေခံထားတဲ့ တရားစီရင်မှုမျိုးဟာ အသုံးမဝင်ဘူး အဲ့တော့ "နိူင်ငံရဲ့ အမျိုးသားလုံခြုံရေး" ဆိုတာ အဘောလစ်ရှင်းနစ် အယူအဆအရ နိူင်ငံဆိုတာ ရှိမနေတော့တာဖြစ်တဲ့အတွက် အမျိုးသားလုံခြုံရေးဆိုတာ ရှိကိုမနေတော့ပါဘူး တကယ်လို့ တရားစီရင်ရေးကို ပြောကြမယ်ဆိုရင်လည်း အဘောလစ်ရှင်းသမားတွေ ပြောနေကြတဲ့ transformative justice ပြောင်းလဲစေတဲ့ တရားမျှတမှု‌ဆိုတာကို ရပ်ရွာပတ်ဝန်းကျင်တစ်ခုစီလိုက် ဘယ်လိုကျင့်သုံးကြမလဲ ကျွန်မတို့ ဆွေးနွေးလို့ ရပါတယ်

သီဟဝင့်အောင်နဲ့ ထက်မင်းလွင်ရဲ့ ဆောင်းပါးဟာ ကျွန်မအတွက် သဘောတူတာတွေရော၊ ဘဝင်မကျမိတာတွေရော ပါ‌ပြီး စနစ်များကို ဖြိုချဖျက်ဆီးခြင်းသဘောတရားတွေကို ဖတ်ရှုလေ့လာသူ၊ ကျင့်သုံးချင်သူတစ်ဦးအနေနဲ့ မြန်မာပြည်အခြေအနေအလိုက် အ‌တွေးတွေ အများကြီး ပေးသွားလို့ ဖတ်ရတာတော့ အားရပါးရရှိပါတယ် abolish the military hashtag တစ်ခုဟာ အာဏာသိမ်းကာလမှာ လူတိုင်းလိုလို သုံးလာကြတဲ့ hashtag တစ်ခုပါ ဒါပေမဲ့ အခု မြန်မာပြည်နိူင်ငံရေးအရ abolish လို့ ပြောတိုင်း အပေါ်ယံ ဖျက်သိမ်းဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြောချင်တာလား၊ အမေရိကန်ရဲ့ လူမည်းကျွန်စနစ်ကို ဖြိုချဖျက်ဆီးရာကနေ အခြေစိုက်ပေါ်ပေါက်လာတဲ့ အဘောလစ်ရှင်းလှုပ်ရှားမှုတွေရဲ့ သမိုင်းကြောင်းနဲ့ အခုလက်ရှိ စစ်အာဏာရှင်စနစ်မဟုတ်တဲ့ နိူင်ငံတွေမှာကအစ ရဲအသုံးပြု၊ ထောင်ချပိတ်ပင်ဖမ်းဆီးတဲ့ carceral politics လို့ ခေါ်တဲ့ လူမျိုးရေးနဲ့ လူတန်းစားပြဿနာတွေကိုပါ ချဲ့ထွင်မွေးဖွားပေးနေတဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းသဘောတရားတွေကိုပါ ဝေဖန်ပုန်ကန်နေတဲ့ အဘောလစ်ရှင်းသဘောတရားတွေကို ဆိုတာလားကတော့ အချိန်ကပဲ ကျွန်မတို့ကို ပြောပြသွားပါလိမ့်မယ်

ထုံးစံအတိုင်း‌ အောက်မှာ သက်ဆိုင်ရာ စာညွှန်းတွေ ထည့်ပေးထားပါတယ် စနစ်များကို ဖြိုချဖျက်ဆီးခြင်းအကြောင်း ဆောင်းပါးတွေကတော့ ပြီးခဲ့တဲ့လက Abolitionism စာဖတ်ဝိုင်းမှာ ဖတ်ခဲ့ကြတဲ့ ဆောင်းပါးတွေပါပဲ

ပုံကတော့ အီဂျစ်ရဲ့ ၂၀၁၂ ခုနှစ် အမျိုးသား‌ရဲနေ့ဖြစ်တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ မှာ ACAB (All Cops Are Bastards ရဲမှန်သမျှဟာ ခွေးကောင်တွေဖြစ်တယ်) ဆိုတဲ့ စလိုဂန်ကို Radical Graffiti Instagram မှ ကူးယူဖော်ပြပါတယ်

သီဟဝင့်အောင်နဲ့ ထက်မင်းလွင်ရဲ့ မူရင်းဆောင်းပါးအင်္ဂလိပ် https://revdem.ceu.edu/2023/01/31/its-time-to-imagine-a-future-for-burma-without-armed-forces/?fbclid=IwAR1ssVs-CZbo25-Q8rvxft5R26AUE-_2_SgKmR2PNSGGLXxjL7qZ5GMqHBI

မြန်မာ (ဘာသာပြန်ကိုတော့ စာရေးသူနှစ်ယောက်လုံး ပြန်ထားသလား သီဟဝင့်အောင်တစ်ယောက်ပဲ ပြန်ထားသလားတော့ မပြောတတ်ပါ) https://thihawintaung.medium.com/%E1%80%98%E1%80%AC%E1%80%9C%E1%80%80%E1%80%BA%E1%80%94%E1%80%80%E1%80%BA%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%85%E1%80%85%E1%80%BA%E1%80%90%E1%80%95%E1%80%BA%E1%80%99%E1%80%BE-%E1%80%99%E1%80%9B%E1%80%BE%E1%80%AD%E1%80%90%E1%80%B2%E1%80%B7-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%80%E1%80%AD%E1%80%AF-%E1%80%99%E1%80%BB%E1%80%BE%E1%80%B1%E1%80%AC%E1%80%BA%E1%80%9B%E1%80%8A%E1%80%BA%E1%80%99%E1%80%BE%E1%80%94%E1%80%BA%E1%80%B8%E1%80%81%E1%80%BB%E1%80%AD%E1%80%94%E1%80%BA-%E1%80%90%E1%80%94%E1%80%BA%E1%80%95%E1%80%BC%E1%80%AE-90b5abed6b28

အဘောလစ်ရှင်းတက်ကြွလှုပ်ရှားသူနဲ့ စာရေးသူ ဝါလီဒါအီမာရှစ်ရှာ ရေးတဲ့ To Build a Future Without Police and Prisons, We Have to Imagine It First (ရဲနဲ့ ထောင်မရှိတဲ့ ကမ္ဘာကို တည်ဆောက်ရန် ငါတို့ စိတ်ကူးယဉ်ဖို့ အရင်လိုတယ်) ဆောင်းပါး https://onezero.medium.com/black-lives-matter-is-science-fiction-how-envisioning-a-better-future-makes-it-possible-5e14d35154e3

ဒန်ဘာဂါ၊ မာရီယန်ကာဗာနဲ့ ဒေးဗစ်စတိုင်းတို့ ရေးတဲ့ What Abolitionists Do (စနစ်များကို ဖြိုချဖျက်ဆီးသူတွေ လုပ်တဲ့အလုပ်) ဆောင်းပါး https://jacobin.com/2017/08/prison-abolition-reform-mass-incarceration?fbclid=IwAR3mPXeyNf4CIr7RmjvKZAN2nP1Qk95GU_BFx9KDyf0lQ1iL7EjK61Wp5Co

မာရီယန် ကာဗာရေးတဲ့ So You’re Thinking About Becoming an Abolitionist (မင်းက စနစ်များကို ဖြိုချဖျက်ဆီးသူဖြစ်ဖို့ စဉ်းစားနေတယ်ဆိုရင်) ဆောင်းပါး https://level.medium.com/so-youre-thinking-about-becoming-an-abolitionist-a436f8e31894

Tenggaran International မှာ ပြီးခဲ့တဲ့လက မြန်မာဘာသာနဲ့ ထုတ်ပြန်ခဲ့တဲ့ ကျွန်မရဲ့ Abolitionism အပေါ် သုံးသပ်ခြင်း ဆောင်းပါး https://level.medium.com/so-youre-thinking-about-becoming-an-abolitionist-a436f8e31894



bottom of page