top of page
  • Writer's picturemachinthe

ထမီပတ် ပြဿနာ

Reaction လို့ ခေါ်တဲ့ တစ်စုံတစ်ခုကြောင့် ရုတ်တရက်ပြမိတဲ့ အတုံ့အပြန်နဲ့ response လို့ ခေါ်တဲ့ သေချာ စဉ်းစား သုံးသပ်ပြီးမှ ပြန်တဲ့ အတုံ့အပြန်အကြောင်းကို ကျွန်မ စဉ်းစားနေမိတာ တစ်နှစ်လောက် ရှိပါပြီ အဲ့ဒါကြောင့်လည်း လက်ရှိ လူမှုကွန်ယက်‌တွေပေါ်မှာ ဟိုးလေး‌တ‌ကျော်ကျော် ဘက်ပေါင်း ကွဲလောက်တဲ့အထိ ဖြစ်နေတဲ့ ထမီ ပြဿနာ ငြင်းခုံမှုအကြောင်းကို သတိထားဖြစ်ခဲ့ပေမဲ့ ချက်ချင်း စာမရေးဖြစ်ခဲ့ဘူး အခုတော့ ကျွန်မ ပြောချင်တဲ့၊ ပြချင်တဲ့ အတုံ့အပြန်တစ်ခုကို သေချာ စဉ်းစားမိပြီဖြစ်လို့ ရေးချင်တယ် ဟိုဘက် ဒီဘက်လိုက် ဘယ်သူမှန် ဘယ်သူမှားရေးမဲ့ အစား ကျွန်မ ဖီမီနင့်တစ်ယောက်အနေနဲ့ ဒီစာကို ရေးပါတယ်


ထမီပြဿနာ ကျွန်မ နားလည်သလောက်ကတော့ ပြည်ပက နာမည်ကြီး နိူင်ငံရေး လော်ဘီသမားတစ်ယောက်ရဲ့ ပြပွဲတစ်ပွဲမှာ မအလရဲ့ ပုံပေါ်ကို ထမီအုပ်ရာကနေ စတယ်လို့ သိရတယ် ဒါကို ပြည်တွင်းထဲက နိူင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ယောက်က ဒီအပြုအမူဟာ ထမီဆိုတာ နိမ့်ပါးဆဲ၊ ဘုန်းနိမ့်မြဲလို့ ယူဆရာရောက်တယ်ဆိုပြီး ငြင်းခုံရာကနေ ဆိုရှယ်မီဒီယာ အငြင်းအခုံပွဲ စတယ်လို့ သတိထားမိပါတယ်


ထမီဟာ ဘုန်းနိမ့်စေပါတယ်ဆိုတဲ့ ကျွန်မတို့ မြန်မာအယူအဆကို တွန်းလှန်ခဲ့တာက ၂၀၂၁ ခုနှစ် မတ်လ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်ပြု ဆန္ဒပြပွဲတွေကနေ စတင်ခဲ့တယ် ပြည်တွင်းရော ပြည်ပက ဆန္ဒပြပွဲတွေမှာပါ ယောင်္ကျား‌မိန်းမ မကျန် ထမီခေါင်းပတ်ပြီး ထမီ အလံလွှင့်ပြီး ပါဝင်ခဲ့ကြတာကို ပုံတွေနဲ့တကွ တွေ့ခဲ့ကြရတယ် (မှတ်မှတ်ရရ ဒီနေရာမှာတောင်မှ ဘယ်သူက အရင် ထမီစပတ်ခဲ့ကြောင်း၊ ဘယ်သူ့ကို ဘယ်လို credit ပေးရမယ်ဆိုတဲ့ အတွင်းရေးစကားတွေ ကျွန်မ ကြားခဲ့ဖူးတော့ ထမီပတ်ပြတာဟာ ပတ်ပြတာထက် ပိုနေတယ်ဆိုတာ ကျွန်မ သဘောပေါက်ခဲ့တယ်) ထမီတော်လှန်ရေးဟာ မြန်မာတွေရဲ့ အမြစ်တွယ်နေတဲ့ မဟာဖိုဝါဒ (ယောင်္ကျားခန္ဓာကိုယ်ရှိသူများသာ မြင့်မြတ်တယ်ဆိုတဲ့ အယူအဆ)ကို symbolic သွင်သဏ္ဍာန်ပြု တော်လှန်ခဲ့တယ်လို့ ကျွန်မ ယူဆတယ်


ဒီနေရာမှာ ကျွန်မ သွင်သဏ္ဍာန်ပြုလို့ ခေါ်တာက ဒီဆန္ဒပြမှုတွေကို နှိမ်ချလိုခြင်းနဲ့ ပြောတာ မဟုတ်ပါ ဒါပေမဲ့ သွင်သဏ္ဍာန်ပြု ဆန္ဒပြတက်ကြွနှိုးဆော်မှုတွေဟာ အတွေးအခေါ်တွေကို ပြောင်းလဲတဲ့ နေရာမှာ အရေးပါပေမဲ့ အဲ့ဒီနေရာမှာပဲ ရပ်သွားသလား၊ material ရုပ်ဝတ္တုပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေမှာ တိုက်ရိုက် သက်ရောက်မှု ဆက်ရှိသလား၊ မရှိသလား ဆက်လက် စဉ်းစားသင့်လို့ပါပဲ ဟိုအရင် ကျွန်မ တစ်ခါ ရေးခဲ့သလိုပဲ ယောင်္ကျား အခွင့်ထူးခံစားမှုတွေကို ရရှိပြီးခဲ့သူတွေ၊ ရရှိ နေဆဲသူတွေအတွက် ခေါင်းကို ထမီတစ်စ ပတ်ပြရုံနဲ့ ကျွန်မ အနေနဲ့ သူတို့ဟာ မဟာဖိုဝါဒအောက်ကနေ လွတ်ထွက်သွားပြီလို့ ယူဆရဖို့ ခက်ခဲလို့ပါပဲ (ဒီနေရာမှာတော့ ထမီတောင် ခေါင်းပတ်မပြတဲ့သူတွေကိုတော့ စကားထဲတောင် ထည့် မပြောတော့ပါဘူး) ထမီပတ်ပြကြတဲ့နေရာမှာလည်း ဆန္ဒပြမှု ရေစီးကြောင်းထဲ မျောလိုစိတ်နဲ့ ပတ်ကြတာလား၊ ဒီ ထမီက နဂိုက သူအပေါ် ဘယ်လောက်လွှမ်းမိုးမှု ရှိခဲ့လို့ အဲ့ဒီအယူအဆကို တော်တော် ပြောင်းပြီးမှ ပတ်ပြတာလား စဉ်းစားစရာပါ (အမှန်တကယ်က ထမီကို အရမ်း ရွံရှာခဲ့တဲ့သူတစ်ယောက် ခေါင်းပေါ် ပြန်ပတ်လာနိူင်တာဟာ နဂိုကတည်းက ဒီအယူအဆကို မယုံကြည်တဲ့သူတစ်ယောက်က အဝတ်စတစ်စလိုပဲ ပတ်ပြတာနဲ့ ယှဉ်ရင် သွင်သဏ္ဍာန်အရ တာပိုသွားတဲ့ ပြောင်းလဲမှုတစ်ခုပါပဲ) moral superiority ကျင့်ဝတ်ပိုင်းဆိုင်ရာ သူများထက် သာကြောင်း ပြရုံ သ‌င်္ကေတအနေနဲ့ virtue signaling လုပ်ရုံ ပတ်ပြတာမျိုးဆိုရင်တော့ ထမီပတ်ပြတဲ့ သွင်သဏ္ဍာန်ပြု တက်ကြွလှုပ်ရှားမှုကို ကျော်လွန်ပြီး ရုပ်ဝတ္တုပိုင်းဆိုင် ပြောင်းလဲမှုကို အာရုံမပေးတဲ့၊ ဂရုလည်း မစိုက်တဲ့ အပေါ်ယံ အခေါင်းပေါက် ဆန္ဒပြမှုလို့ပဲ ကျွန်မ ယူဆတယ်


အဲ့တော့ ထမီပတ် ဆန္ဒပြမှုရဲ့ ဇစ်မြစ်ကို ပြန်ကြည့်ကြည့်ရရင် မြန်မာပြည်တွင်းထဲက မဟာဖိုဝါဒကို ထောက်ပြတဲ့ ဖီမီနင့်အရေးအရာတွေကို ဦးစားပေးတဲ့ ဆန္ဒပြမှုတစ်ခုလို့ ယူဆလို့ ရပါတယ် ဒီနေရာမှာ အခုလို သဘောထားမတူညီမှုတွေ ဖြစ်လာတဲ့နေရာမှာ ဘာကို သွားတွေ့ရလဲဆိုတော့ ဒီလို ဖီမီနင့်ကိစ္စနဲ့ ပတ်သက်ပြီး ငြင်းခုံကြတဲ့ပွဲဟာ ဖီမီနင့် အမူအကျင့်တွေနဲ့ သွေဖယ်နေတာကိုပါပဲ ဒါဟာ တော်တော် ရှက်စရာကောင်းပါတယ်


ဖီမီနင့် ဘယ်လို မဆန်ဘူးလည်းဆိုတာ ရှင်းပြရရင်တော့ ကျွန်မအနေနဲ့ ဖီမီနင့်ဇင်ဟာ အမျိုးသမီးကိစ္စအရေးပေးရေးထက် ကျော်လွန်တဲ့ နေထိုင်မှု အလေ့အကျင့်တစ်ခုလို့ အဓိပ္ပါယ်ဖွင့်ရာက စရပါမယ် ဒါက ဂျန်ဒါဆိုတဲ့နေရာ ယောင်္ကျား၊ မိန်းမ နှစ်မျိုးပဲ ရှိမနေဘူး၊ လူ့မှုရေးရာတွေမှာ အဖြူ အမည်း နှစ်မျိုးပဲ ရှိမနေဘူးဆိုတာကို သဘောပေါက် နားလည်ခြင်းပါ ဒီလို dichotomy ဒွိဟဘောင်တွေထဲက ကျော်လွန်အောင် မြင်ကြည့်ခြင်းဟာ ဖီမီနင့် အလေ့အကျင့်တစ်ခုပါပဲ ဒီလို မြင်နိူင်ရင် ဂျန်ဒါအရ ခွဲခြားထားတဲ့ ဒွိဟဘောင်တွေကိုပါ ပြန် ဆင်ခြင်သုံးသပ်လာနိူင်တယ် ယောင်္ကျားဆိုရင် ဒီလို၊ မိန်းမဆိုရင် ဒီလို ဆိုပြီး ဘောင်ခတ်ထားတာတွေကို ပြန်သုံးသပ်လာနိူင်မယ် စိတ်ခံစားချက်များရင် ဒီလို၊ ဓမ္မဠိဠာန်ကျကျ စဉ်းစားရင် ဒီလို အစရှိတဲ့ လူဖြူကြီးစိုးရေးစနစ်က သတ်မှတ်ထားတဲ့ ဒွိဟဘောင်တွေအကုန်လုံးကို ပြန်သုံးသပ်လာနိူင်မယ်


အဲ့ဒီတော့ ဒီ ထမီ သဘောထားကွဲလွဲမှုကို ဖီမီနင့် အမြင်နဲ့သာ ပြန်ကြည့်မယ်ဆိုရင် ထမီပတ်တိုင်း မဟာဖိုဝါဒကို ချွတ်ချတာ မဟုတ်ဘူး၊ ထမီ မပတ်တဲ့သူတိုင်း မဟာဖိုဝါဒကို လက်ဆုပ်လက်ကိုင်ပြုထားတာ မဟုတ်ဘူးဆိုတဲ့ အပေါ်ယံကြည့် စဉ်းစားလို့ မရတာတွေ ထွက်လာပါလိမ့်မယ် ကျွန်မ‌အနေနဲ့ကတော့ ဒီကိစ္စမှာ ဘက်နှစ်ဘက်လုံးကို လိုက်လို့ မရပါဘူး ဘာလို့လည်းဆိုတော့ ထမီပတ်ခြင်း၊ မပတ်ခြင်းကြောင့် မဟုတ်ဘဲ နှစ်ဘက်လုံးရဲ့ ဖီမီနင့် မဆန်တဲ့ အပြောအဆိုတွေဟာ ငြင်းခုံမှုတွေကြောင့်ပါပဲ ထမီမပတ်သင့်ကြောင်းပြောပြီး ယောင်္ကျား ခန္ဓာကိုယ်ရှိသူတွေက ဟိုတစ်ဘက်က မိန်းမခန္ဓာရှိသူတွေကို "စပပျံ" လို့ လိင်အင်္ဂါအခြေပြု အကြမ်းဖက်စကားလုံးတွေ သုံးပြီး ဆဲရေးတာ ဖီမီနင့်ဆန်သလား စဉ်းစားစရာပါ တစ်ဘက်ကလည်း ငါမှန်ပြီးရော ဟိုဘက်က မှားနေတယ်လို့ ဘူးခံတာကလည်း ဒွိဟဘောင်ထဲက ကျော်ထွက်နေသလား မေးစရာပါ


ဒီနေရာမှာ ကျွန်မ အင်ဒီးဂျနင့် ပညာရှင် အိဗ်တပ်ခ် twitter ပေါ်မှာ ရေးခဲ့တဲ့ ဖီမီနင့်ဆန်တဲ့ စကားဝိုင်းအမူအကျင့်တွေအကြောင်း tweet ကို ပြန်ရှယ်ပေးချင်တယ် လင့်ခ်ကို အောက်မှာ ထည့်ပေးထားပါတယ် တပ်ခ်က ကျွန်မတို့ အခု လူသိများ‌လာတဲ့ ဒီကိုလိုနှိုက်ဇေးရှင်းဟာ အင်္လကာမဟုတ် ဆိုတဲ့ ပေပါကို ရမ်းနဲ့ အတူတူ စာရေးခဲ့တဲ့သူပါပဲ တပ်ခ်ရေးခဲ့တဲ့ ဖီမီနင့်ဆန်တဲ့ အမူအကျင့်ဆိုတာက အကယ်ဒါးမစ် စည်းရုံးပွဲတွေအတွက် ဦးတည်ရေးခဲ့တာ ဖြစ်ပေမဲ့ ဒီကိစ္စနဲ့လည်း ဆက်စပ်လို့ ရမယ်လို့ ကျွန်မ ထင်တယ်


တပ်ခ်က အကယ်ဒါးမစ် စကားဝိုင်းတစ်ခုကို ဦးဆောင်တဲ့နေရာမှာ ပါဝင်တဲ့သူတွေကို သူတို့ကို တိုက်ခိုက်လေ့ရှိတဲ့သူတွေဟာ ဘယ်သူတွေလဲ အရင်မေးပြီး အဲ့ဒီလူတွေ ပရိတ်သတ်ထဲမှာ ပါနေရင် စကားဝိုင်းကို ဦးဆောင်သူအနေနဲ့ တမင်သက်သက် ပါဝင်သူကို ကာကွယ်ပေးဖို့ အဲ့ဒီ bully တွေကို မေးခွန်းပေးမမေးတာမျိုး လုပ်ပြီး ရှောင်သင့်တယ်လို့ ရေးခဲ့တယ် ဒီနေရာမှာတော့ စကားဝိုင်းမှာ ပါဝင်ဖို့ ဖိတ်ခေါ်တဲ့သူတွေကိုယ်တိုင်ကိုက bully တွေ ဖြစ်မနေဖို့ လိုအပ်ပါတယ် အခုလည်း ထမီကိစ္စ ပြဿနာမှာ ဘယ်သူတွေရဲ့ ဘယ် bully တွေရဲ့ အသံတွေက ပိုကျယ်လောင်နေသလဲ မေးစရာပါ


နောက်ပြီးတော့ တပ်ခ်က စကားဝိုင်း ဦးဆောင်သူအနေနဲ့ ပရိတ်သတ်ကို အကြမ်းဖက်တဲ့ မေးခွန်းတွေ မမေးအောင် ကြိုတင် သတိပေးထားသင့်တယ်လို့ ဆိုပါတယ် ဒါကတော့ ဆိုရှယ်မီဒီယာ ငြင်းခုံပွဲတွေအတွက် ခက်ကောင်းခက်နိူင်ပါတယ် ဒါပေမဲ့ ဘယ်သူနဲ့ ကိုယ်ဟာ စကားပြောဆို ဆက်ဆံမှာလဲ ဆက်ဆံလို့ ရမှာလဲ အကြမ်းဖက်မှုတိုင်း၊ bully လုပ်တိုင်းကို တုံ့ပြန်ရရင်တော့ ကျွန်မ အစကပြောခဲ့သလို response မဟုတ်ဘဲ reaction တစ်ခုသာ ဖြစ်နေပါလိမ့်မယ်


ပရိတ်သတ် မေးခွန်း မေးတဲ့ အချိန်ရောက်လာရင်လည်း မေးတဲ့ မေးခွန်းဟာ တကယ် သိချင်လို့ မေးတာလား၊ မေးသူရဲ့ အတ္တကို ရေလောင်းချင်လို့ မေးတာလားကို အချိန်ယူပြီး ပရိတ်သတ်အချင်းချင်းကြားထဲ အရင် ဆွေးနွေးခိုင်းသင့်တယ်လို့ တပ်ခ်က ရေးခဲ့တယ် ဒါကလည်း ဆိုရှယ်မီဒီယာပေါ်က စကားဝိုင်းတွေအတွက် လုပ်ရတာ ခက်ခဲနိူင်ပါတယ် ကျွန်မတို့ တစ်ယောက်ချင်းစီက ကိုယ့်အမြင်တွေ ချပြတဲ့အခါ ကိုယ့်ကိုကိုယ် ဘာကောင်ကြီးပါ၊ ညာကောင်ကြီးပါ၊ ကိုယ် ဘာတွေသိတယ်ဆိုတာ ပြချင်လို့ မေးခွန်းလို့ ခေါင်းစဉ်တပ်ပြောတာလား ဒါမှမဟုတ် တကယ် သိချင်လို့ ဒီမေးခွန်းကို မေးတာလား ပြန် သုံးသပ်သင့်ပါတယ် ကိုယ့်အမြင်ကို အတင်းကာရော ထိုးမသွင်းခင် ဘာကို ပြောချင်တာလဲ ပြန်စဉ်းစားသင့်ပါတယ် Freedom of speech ခေါင်းစဉ်အောက်ကနေ ကိုယ်ပြောချင်တာကို ပြောချင်သလို ပြောတာကတော့ စကားဝိုင်းတစ်ဝိုင်းကနေ ရနိူင်မဲ့ အတွေးအခေါ်အသစ်တွေကို ပိတ်ပင်ရာ ရောက်တယ်


တပ်ခ်ရေးခဲ့တာကို ပြန်သုံးသပ်ပြီး ကျွန်မတို့ သဘောမတူမှုတွေ ရှိလာရင်တောင် ဘယ်လို ဖီမီနင့်ဆန်ဆန် စကားပြောကြမလဲ ပြန်စဉ်းစားသင့်တယ်လို့ ကျွန်မ ထင်တယ် ကျွန်မ သူငယ်ချင်းတစ်ယောက်ကတော့ ဒါကို civilized discussion လို့ ခေါ်တယ် ကျွန်မကတော့ civilized ဆိုတဲ့ စကားလုံးဟာ လူဖြူကိုလိုနီသဘောတရားတွေ မြုံနေလို့ မသုံးချင်ဘူး စကားကို passion နဲ့ ပြောတိုင်း၊ ဒေါသနဲ့ပြောတိုင်း ရိုင်းစိုင်းတယ်လို့ ကျွန်မ မထင်ဘူး စိတ်ခံစားချက် မပါဘဲပြောတိုင်းလည်း ယဉ်ကျေးရာ ရောက်တယ်လို့ မထင်ဘူး ဒီနေရာမှာတော့ civilized ဆိုတာထက် ဖီမီနင့်ဆန်ဆန် တစ်ဖက်သတ်မစွဲဘဲ ကိုယ်ပြောချင်တာ ပြောရုံမက သူများ‌ ပြော‌နေတာကိုရော နူးညံ့မှုနဲ့ compassion နဲ့ ဘယ်လို နားထောင်မလဲဆိုတာကိုပါ စဉ်းစားသင့်တယ် ထင်တယ် ဆိုရှယ်မီဒီယာပေါ်မှာ ဆဲရေးရတာ လွယ်ပါတယ် ဒါပေမဲ့ ကျွန်မတို့တွေဟာ ဆိုရှယ်မီဒီယာအပြင်မှာ ဖြစ်နေတဲ့ လူမှုရေး ပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက် အော်ဟစ်နေကြရုံနဲ့ ပြီးမလား စဉ်းစားသင့်ပါတယ် ဘယ်လောက်ထိ သည်းညည်းခံ စကားပြောပြီး ဘယ်လောက်ဆို လက်လွှတ်လိုက်တော့မလဲ ကိုယ့်ကိုကိုယ် ကြိုသိဖို့၊ ပြင်ဆင်ထားဖို့ လိုအပ်တယ်


ကျွန်မအနေနဲ့ ဒီ ငြင်းခုံမှုဟာ ရေပေါ်ဆီ ဆန်နေတယ် အောက်ခြေက လူတွေထဲမှာ ခေါင်းပေါ် ထမီပတ်ကြတဲ့ ယောင်္ကျား ဘယ်နှယောက် ရှိသလဲ၊ အဲ့ဒီသူတွေထဲကရော ဘယ်နှယောက်က တကယ်တမ်း သူတို့ ဆိုရှယ်မီဒီယာပေါ် ပုံတင်မပြတဲ့ အိမ်တွင်းရေးမှာ ဂျန်ဒါညီမျှရေးကို ဘယ်လိုလုပ်နေကြသလဲ၊ ထမီပတ်ပြတယ်ဆိုကတည်းက ဘုန်းဆိုတဲ့ အယူအဆကို မရှိတော့ဘူးလို့ အော်တိုမက်တစ် ကျွန်မတို့ လူ့ဘောင်က ခံယူလိုက်ကြသလား၊ ထမီပတ် ဓါတ်ပုံရိုက် FB ပေါ်တင်ပြီး မြန်မာ မဟာဖိုဝါဒကို ရုပ်ဝတ္တုပိုင်းဆိုင်ရာမှာပါ ပြောင်းလဲဖို့ နောက်ထပ် ဘာတွေ ဆက်လုပ်ရဦးမှာလဲ၊ ထမီအသစ်မို့လို့ ခေါင်းပေါ် ကောက်ပတ်နိူင်တာလား (မဝတ်ရသေးတဲ့ အသစ်ကိုကျ ကျွန်မတို့ ပတ်ဝန်းကျင်က တစ်မျိုး ယူဆကြတယ်မလား)၊ တကယ်တမ်း ရာသီသွေးစွန်းနေတဲ့ ထမီညစ် ထမီဟောင်းတွေဆိုရင်ရော ခေါင်းပေါ် ပတ်နိူင်ကြလား၊ တွေးစရာတွေ၊ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်


ကျွန်မ တစ်ခါက ရေးခဲ့သလိုပဲ ဖီမီနင့်ဇင်တို့၊ ဒီကိုလိုနှိုက်ဇေးရှင်းတို့ အခုချိန် ခေတ်စားလာသလောက် ဒီသဘောတရားတွေကို ကျွန်မတို့က သဘောတရားသာသာသာ ဆက်လက်မြင်နေသေးသရွေ့၊ ဖီမီနင့်ဇင်ကို နေ့စဉ်‌ကျင့်သုံးသင့်တဲ့ အမူအကျင့်လို့ ခံယူမဲ့အစား စကားပြောစရာအရာတစ်ခုလို့သာ မြင်နေသေးသရွေ့ သွင်သဏ္ဍာန်ပြု တော်လှန်ရေးကနေ ရုပ်ဝတ္တုပိုင်းဆိုင်ရာ တော်လှန်ရေးကို ရှေ့ဆက်ဖို့ရာ ခက်ခဲနေပါဦးမယ်


စကားချပ် - ကျွန်မ ဒီငြင်းခုံမှုထဲက လော်ဘီသမားရဲ့ အမာခံ ပရိတ်သတ်လည်း မဟုတ်သလို တစ်ဖက်က နိူင်ငံရေးတက်ကြွလှုပ်ရှားသူရဲ့ ပရိတ်သတ်တစ်ဦးလည်း မဟုတ်ပါ ပုဂ္ဂိုလ်စွဲများနဲ့ နိူင်ငံရေး၊ လူမှုရေးကို သုံးသပ်တတ်သူတစ်ဦးလည်း မဟုတ်ပါ


ပုံ - ချရောင်းထားသော အမျိုးသမီးဝတ် အတွင်းခံအရောင်စုံများကို လှည်းတန်း‌ဈေး လူသွားလမ်းမကြီး ဘေးကပ်ရက်၌ တွေ့မြင်ရစဉ်


https://twitter.com/tuckeve/status/1141501422611128320



bottom of page