top of page
  • Writer's picturemachinthe

နူးညံ့ပျော့ပြောင်းခြင်းရဲ့ ခွန်အား

အခုနောက်ပိုင်း မာကျောခြင်းသာမက နူးညံ့ပျော့ပြောင်းခြင်းဟာလည်း ခွန်အားရှိတယ်ဆိုတာ ကျွန်မပိုသဘောပေါက်လာတယ်


ကျွန်မက မိသားစုထဲ အငယ်ဆုံးဆိုတော့ ခေါင်းမာတယ် ဆယ်ကျော်သက်တုန်းကဆို အမေနဲ့ ရန်တကျက်ကျက် ကလန်ကဆန်ပေါ့ (ခုထက်ထိလည်း ဖြစ်တုန်းပါပဲ) အိမ်ထောင်ကွဲတစ်ခုမှာ ကြီးပြင်းလာတဲ့သူဆိုတော့ လောကဓံဆိုတာကို ငယ်ငယ်နဲ့ မျက်ဝါးထင်ထင်မြင်ခဲ့ရလို့ လူက နည်းနည်း ကြမ်းတမ်းနေခဲ့တယ် ဘာကိုမဆို အလိုမကျခဲ့ဘူး လောကကြီးကို အလိုမကျခဲ့ဘူး မကျခဲ့ပေမဲ့ အဲ့ဒီလောကကြီးထဲက ဂိမ်းတွေရဲ့ စည်းဘောင်တွေအတိုင်း လိုက်ဆော့ရင် ကိုယ်လည်း အဲ့ဒီဂိမ်းမှာ အောင်နိူင်တာပဲလို့ ထင်ခဲ့တယ် (ခုတော့ အဲ့ဒီ ဂိမ်းဟာ အရင်းရှင်စနစ်က ချမ်းသာပြီးသား ပိုက်ဆံရှိပြီးသားလူတန်းစားအတွက် မျက်နှာသာပေးထားတယ် သာမန်လူလတ်တန်းစားအတွက် ဘယ်လောက်ပဲ ကြိုးစား ကြိုးစား အဲ့ဒီ့ ဂိမ်းဟာ တစ်နည်းမဟုတ် တစ်နည်း ဖဲဝှက်ထားတယ်ဆိုတာ သဘောပေါက်လာတယ်) မာကျောမှ ခံနိူင်ရည်ရှိမှ ဘဝဆိုတာ တိုးတက်မယ်လို့ ထင်ခဲ့တယ်


ဒါပေမဲ့ လွန်ခဲ့သော ၂ နှစ်လောက်က အမေရိကန် ဖီမီနင့်စာရေးဆရာမ တက္ကသိုလ်ပါမောက္ခ အတွေးအခေါ်ပညာရှင် ဒေါနာဟယ်ရိုးဝေးရဲ့ နောက်ဆုံးထွက်တဲ့ Staying with the Trouble ဒုက္ခများနဲ့ နေခြင်းဆိုတဲ့ စာအုပ်ကို ဖတ်ဖြစ်ပြီးနောက် ခံနိူင်ရည်ရှိမှုအကြောင်း ပိုတွေးဖြစ်လာတယ် စာအုပ်အနှစ်ချုပ်က ကမ္ဘာကြီးဟာ တစ်စတစ်စ ပူနွေးလာနေပြီး သိပ်မကြာခင်မှာ လူတွေရဲ့ ဖျက်ဆီးမှုကြောင့် ပျက်သုန်းလာ‌နေတဲ့ကြားမှာ လူသားမျိုးနွယ်စုတွေ ဘယ်လိုရှေ့ဆက်နေကြမလဲဆိုပြီး ဆွေးနွေးထားတာပါ (ဟယ်ရိုးဝေးဟာ A Cyborg Manifesto လူသားစက်ရုပ်ကြေငြာချက်ဆိုတဲ့ စာအုပ်နဲ့ နာမည်ပိုကြီးပါတယ် ဒီစာအုပ်ထဲမှာ သူရေးခဲ့တာကတော့ ခုခေတ်ကြီးမှာ လူသား‌ဖြစ်တည်မှုဟာ စက်ရုပ်တစ်ရုပ်ဖြစ်ရခြင်းနဲ့ ဘောင်အကန့်အသတ်မရှိတော့ဘူးဆိုပြီး သူ အဆိုပြုခဲ့တယ် ဟယ်ရိုးဝေးရဲ့ ဖီမီနင့်အမြင်ဟာ လူသားနဲ့ လူသားမဟုတ်ဆိုတဲ့ ဒွိဟတွေကို စိန်ခေါ်ချက်တွေအပေါ် ဦးစားပေး မေးခွန်းထုတ်တာမျိုးပါ အနောက်တိုင်းဒဿနမှာတော့ posthumanism လို့ခေါ်တဲ့ လူဖြစ်တည်မှုတွေကို ကျော်လွန်တဲ့ အတွေးအခေါ်တွေပါ) စစဖတ်ပြီးပြီးချင်းတော့ ကျွန်မ သဘောမကျဘူး သူ့ရဲ့ အာဘော်က ကျွန်မတို့လူသားတွေရဲ့ agency လုပ်ပိုင်ခွင့်တွေကို ထည့်မစဉ်းစားဘူးလို့ ခံစားရတယ်


ဥပမာ ဟယ်ရိုးဝေး ပြောထားတာတစ်ချက်ဆိုရင် ကျွန်မတို့ လူသားတွေဟာ ကလေးတွေ မမွေးသင့်တော့ဘူး ကျွန်မတို့‌တွေ ဖျက်ဆီးပြီးရင်းဖျက်ဆီးလို့ ပျက်သုန်းနေပြီဖြစ်တဲ့ ကမ္ဘာကြီးမှာ ကျွန်မတို့ သေပြီးတဲ့နောက် ဆက်နေရမယ့်ကလေးတွေအတွက် မတရားဘူးလို့ ဟယ်ရိုးဝေးက ဆိုတယ် အဲ့ဒါကြောင့် ကျွန်မတို့တွေ ကလေးမမွေးသင့်တော့ဘူးလို့ သူကဆိုတယ် ဒီအချက်ကို ကျွန်မ သဘောမကျဘူး ကိုယ်ကိုယ်တိုင်လည်း ကလေးတစ်ယောက်ကို ဒီကမ္ဘာကြီးထဲ ခေါ်လာရမှာ အကြောင်းအမျိုးမျိုးကြောင့် မဝံ့ရဲပါဘူး ဒါပေမဲ့ ဟယ်‌ရိုးဝေးဟာ ခေတ်သစ်ကိုလိုနီစနစ်တွေကြောင့် သူတို့ ဆန္ဒမပါဘဲ မျိုးဆက်ပွားမှုကို ပိတ်ပင်ခံလိုက်ရတဲ့ အမေရိကတိုက်က အင်ဒီးဂျနင့်အမျိုးသမီးတွေ မက်ဆီကန်နဲ့ ပေါ်တူရီကန်အမျိုးသမီးတွေ ကျွန်ပြုခံရတဲ့ လူမည်းအမျိုးသမီးတွေရဲ့ လက်ထပ်ပိုင်ခွင့် ကလေးမွေးပိုင်ခွင့် သူတို့ရဲ့ မျိုးဆက်ပွားပိုင်ခွင့်ကို ထည့်မစဉ်းစားဘူးလို့ ကျွန်မ ထင်တယ် မျိုးဆက်ပွားတယ်ဆိုတဲ့နေရာမှာလည်း လူဖြူဖြစ်မှ လူဖြူနဲ့ သွေးနှောနေမှ ပိုကောင်းတယ်လို့ ထင်အောင် ကိုလိုနီသဘောတရားတွေက ကျွန်မတို့ ခေါင်းတွေထဲ ရိုက်သွင်းထားတယ် မဟုတ်ဘူးလား (လူဖြူတွေက ဖိနှိပ်ခံ လူမည်း လူညိုနဲ့ အင်ဒီးဂျနင့်မိန်းမတွေရဲ့ မျိုးဆက်ပွားပိုင်ခွင့်ကို ပိတ်ပင်တဲ့အကြောင်း လင့်ခ်ကို အောက်မှာ ထည့်ပေးထားပါတယ်)


အမှန်တိုင်းပြောရရင် ကမ္ဘာကြီး ပျက်စီးလာတယ်ဆိုတာလည်း လူဖြူတွေရဲ့ ကျူးကျော်နယ်ချဲ့ စစ်တိုက်ခဲ့မှုတွေအပြင် အခု လက်ရှိမှာ စက်မှုထုတ်လုပ်မှု ဓာတုအညစ်အကြေးစွန့်မှုတွေကြောင့် ထိန်းမနိူင်သိမ်းမနိူင် ဖြစ်လာတာပဲ အခုလက်ရှိလည်း အနောက်နိူင်ငံတွေဟာ အရှေ့နိူင်ငံတွေ ကမ္ဘာတောင်ပိုင်းက နိူင်ငံတွေမှာ စက်မှုကိုလိုနီစနစ်နဲ့ အရင်းရှင်ကိုလိုနီစနစ်‌ကို ကျင့်သုံးနေကြတုန်းပဲ အနောက်နိူင်ငံတွေရဲ့ အံ့ဩရင်သပ်စဖွယ် လှပမှုတွေဆိုတာ သူတို့ လှနေနိူင်အောင် အမှိုက်ပုံဖြစ်ပေးရတဲ့ ကမ္ဘာ့တောင်ပိုင်းနိူင်ငံတွေရှိနေလို့ပဲ တစ်ခါတစ်လေ ကမ္ဘာကြီးပူနွေးလာမှုကို ဦးစားပေးတဲ့ စာတွေ ငြင်းခုံမှုတွေဟာ ကမ္ဘာကြီးပေါ်က လက်ရှိဖြစ်နေဆဲဖြစ်တဲ့ မတူညီမှုတွေ ဖိနှိပ်ခံရမှုတွေကို အရေးမကြီးသလို ရောချလိုက်သလို ကျွန်မ ခံစားရတယ် တစ်နေ့ ထမင်းတစ်လုပ်စားရဖို့ ခေါင်းခဲနေတဲ့လူတွေအတွက် ကမ္ဘာကြီးပျက်သုန်းမှုအကြောင်းပြောဖို့ အချိန်မရှိပါဘူး


ဒါပေမဲ့ ဟယ်ရိုးဝေးရဲ့ စာအုပ်ထဲက အာဘော်အကြမ်းဖျင်းကိုတော့ ၂ နှစ်ကြာလောက် တစိမ့်စိမ့်တွေးမိတော့ ကျွန်မပိုသဘောကျလာတယ် ဒါကတော့ ကျွန်မတို့ဟာ ပျက်စီးနေပြီဖြစ်တဲ့အရာတွေကြားထဲမှာ ဆက်နေထိုင်ကြဖို့ ကျွန်မတို့က အတင်းကာရော ကြံဖန်မဲ့အစား အဲ့ဒီလိုပျက်စီးလာမှုတွေကြားထဲမှာ ဘယ်လိုဆက်နေမလဲဆိုတဲ့ ဒဿနတစ်ခုပါ ပျက်စီးလာမှုတွေကြားထဲ ဘယ်လို ဆက်နေမလဲဆိုလို့ အားလုံးကို လွှင့်ပစ်လိုက်ရမယ် ကျွန်မတို့ မိမိယုံကြည်မှုအတွက် တိုက်ခိုက်နေတာတွေကို လွှတ်ချလိုက်ရမယ်လို့တော့ မဆိုလိုချင်ဘူး ဒါပေမဲ့ ကျွန်မတို့ လူသားတွေဟာ ဒီကမ္ဘာကြီးပေါ်မှာ နေလာတဲ့ ကာလပတ်လုံး လူသားတွေကိုသာ အဓိကပြုခဲ့ကြတယ် လူသားတွေ ဖြစ်ချင်တဲ့အရာတွေ တည်ဆောက်ချင်တဲ့အရာတွေ စိုက်ချင်ပျိုးချင်တဲ့အရာတွေ မွေးချင်မြူချင်တဲ့အကောင်တွေ ဒါတွေကို ဦးစားပေးပြီး anthropocene လို့ခေါ်တဲ့ လူသားဦးစားပြု ကမ္ဘာခေတ်မှာ နေလာခဲ့ကြတာ ‌ကျောက်ခေတ်အကုန်ကတည်းကပါပဲ


အဲ့ဒီတော့ နူးညံ့ပျော့ပြောင်းခြင်းဆိုတာ လူသားတွေရဲ့ ဖြစ်တည်မှုတစ်ခုတည်းကိုပဲ ဦးစားမပေးတော့ဘဲ အပင်တွေ အကောင်တွေ ရာသီဥတုတွေ ခံစားချက်တွေ တက်ကနော်လောဂျီတွေ အစရှိတဲ့ လူသားမဟုတ်တဲ့ တခြားသော ဒြပ်ရှိ ဒြပ်မဲ့အရာတွေဟာလည်း ကျွန်မတို့ ဖြစ်တည်မှုတွေမှာ အရေးပါ‌နေတယ်ဆိုတာကို ပြန်သုံးသပ်သင့်လာတယ် အရာအားလုံးကို ထိန်းချုပ်ချင်တဲ့စိတ်တွေကို လွှတ်ချလိုက်သင့်လာတယ် ဒါကလည်း တကယ်တမ်းတော့ တစ်နည်းအားဖြင့် ထိန်းချုပ်မှုတွေကို ဦးစားပေးတဲ့ ကိုလိုနီစနစ်တွေ အရင်းရှင်စနစ်တွေကို ပြန်တော်လှန်လိုက်တာနဲ့တူတူပါပဲ ကျွန်မတို့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ နူးညံ့ပျော့ပြောင်းစွာနေတယ်ဆိုတာ ကိုလိုနီခေတ်မတိုင်ခင် ကျွန်မတို့ရဲ့ ဘိုးဘွားဘောင်ဘင်တွေလက်ထက်မှာကတည်းက ကျင့်သုံးခဲ့ကြတာပါ အခုတော့ လူဖြူတွေ ထွင်ခဲ့တဲ့ ပြဿနာကြောင့် လူသားဖြစ်တည်မှုပြဿနာတွေဟာ ကျွန်မတို့ လူဖြူမဟုတ်တဲ့သူတွေရဲ့လက်ထဲကိုပါ ဘုမသိဘမသိ ရောက်လာတယ် သူတို့ ပြဿနာတွေကြောင့် လူဖြူမဟုတ်တဲ့ မိန်းမ‌တွေကပါ ကလေးတွေ မမွေးသင့်တော့ဘူး ဖြစ်လာတယ် organic food တွေစားရမယ်ဖြစ်လာတယ် ပစ္စည်းပစ္စယတွေကို မလွှင့်ပစ်ဘဲ ပြန်သုံးရမယ် ဖြစ်လာတယ် ကိုလိုနီစနစ် အကြွင်းအကျန်တွေကြောင့် ခေတ်သစ်ကိုလိုနီစနစ်တွေ ပေါ်လာတယ် ကျွန်မတို့ မြန်မာနိူင်ငံမှာ ကိုလိုနီဆန့်ကျင်ရေးအခြေပြုပြီး အချင်းချင်း ပြန်ဖိနှိပ်လာကြတယ် စစ်လက်နက်ကို အင်အားပြုပြီး လူတစ်စုကနေ တစ်စုကို ပြန်ထိန်းချုပ်ဖို့ ကြိုးစားလာကြတယ် ဒီပြဿနာတွေရဲ့ ဇစ်မြစ်ဟာ မာကျောရမယ်လို့ ယူဆမှုတွေကနေ စလာနေတယ်လို့ ကျွန်မ တွေးမိတယ်


နူးညံ့ပျော့ပြောင်းရမယ်ပြောလို့ မြန်မာပြည်ရဲ့ လက်ရှိ စစ်အာဏာရှင်တော်လှန်မှုကို မဇ္ဇိုမလမ်းစဉ်လိုက်ရမယ်လို့ ကျွန်မဆိုလိုတာ မဟုတ်ပါဘူး လက်နက်ကိုင်တော်လှန်တဲ့နေရာမှာတောင် လမ်းပေါ်ထွက် ဆန္ဒပြတဲ့နေရာမှာတောင် ကျွန်မတို့အချင်းချင်း compassion လို့ခေါ်တဲ့ မေတ္တာ ကြင်နာမှုနဲ့ ဘယ်လို ဖေးမကြမလဲဆိုတာကို တွေးချင်တာပါ ဆန္ဒပြသူတွေကို အသီးတွေ ဗန်းလိုက် လိုက်ကျွေးတဲ့ အန်တီကြီးလိုပေါ့နော် နူးညံ့ပျော့ပြောင်းတယ်ဆိုတာ တစ်ဦးနဲ့တစ်ဦး အချိန်ပေးပြီး ပွေ့ဖက်ကြမလဲ တစ်ယောက်ခံစားချက်တွေတစ်ယောက် နားထောင်ကြမလဲ အဖိုးအခ အမြတ်မထွက်တဲ့ ဘာရယ်မဟုတ်ဘဲ ရယ်မောပျော်ရွှင်ရမှုတွေကို အချိန်ပေးကြမလဲ ငိုကြွေးရမှုတွေနဲ့‌ရော ဘယ်လိုအချိန်ပေးကြမလဲ ဒီနေရာမှာ ဟယ်ရိုးဝေးနဲ့ ကျွန်မနဲ့ ကွာသွားတာကတော့ ပျက်သုန်းတော့မယ်ဆိုတာသိရက်နဲ့တောင်မှ မွေးမြူဖို့ ဆုံးဖြတ်လိုက်တဲ့ ကလေးတွေ တိရိစ္ဆာန်တွေ အပင်တွေနဲ့ အတူရှိစဉ်ခဏ ဘယ်လို ကူးလူးဆက်ဆံဖေးမနေထိုင်ကြမလဲဆိုတာကို ကျွန်မ ပိုစိတ်ဝင်စားမိတယ်


တစ်ခဏတာ ပြတဲ့ကြင်နာမှုဟာ ရှင်သန်ဖို့အတွက် ကြမ်းတမ်းမာကျောရမယ်လို့ အမြဲတစေ သတိပေးနေတဲ့ လောကကြီးထဲမှာ တစ်သက်စာ ‌အမှတ်ပြုစရာတွေ ဖြစ်လာနေတယ် နူးညံ့မှုဟာ မိန်းမဖြစ်တည်မှုနဲ့ အမြဲဒွန်တွဲယူဆခံခဲ့ရတဲ့အတွက် မကောင်းဘူးလို့ အမြင်ခံခဲ့ရတယ် ဒါပေမဲ့ နူးညံ့ခြင်းမှာလည်း ခွန်အားတွေ ရှိနေတယ် ကျောက်ဆောင်ဟာ တိုက်ပါများရင် ပွန်းပဲ့လာတတ်ပေမဲ့ ဖမ်းဆုပ်လို့မရတဲ့ ရေဟာ ရှောရှောရှူရှူစီးဆင်းနိူင်တယ် မျက်စိနဲ့ မမြင်နိူင်တဲ့လေဟာ ချောင်ကြိုချောင်ကြားတွေထိ ခိုဝင်နိူင်တယ် ဒီလိုနဲ့ တစ်ခါတစ်လေ မာကျောခြင်းထက် နူးညံ့ခြင်းဟာ ပိုပြီး တာသွားတယ်ဆိုတာ ကျွန်မ တဖြည်းဖြည်း သဘောပေါက်လာတယ်


ဒီဇင်ဘာ ၂၉ ၂၀၂၁


ပုံကတော့ ရန်ကင်းက ထမင်းဆိုင်တစ်ဆိုင်မှာ အမိုးကနေ ကျနေတဲ့ သစ်ရွက်ကလေးတွေကြား နေရောင်ဖောက်ဆင်းနေတာကို သဘောခွေ့လို့ ကျွန်မ ရိုက်ထားတာပါ


အမေရိကန်နဲ့ ကနေဒါနိူင်ငံတွေမှာ အင်ဒီးဂျနင့်အမျိုးသမီးတွေရဲ့ မျိုးဆက်ပွားမှုကို ဆန္ဒမပါဘဲ ပိတ်ပင်တဲ့ သမိုင်းကြောင်း ဖတ်ရှုရန်

https://time.com/5737080/native-american-sterilization-history/?fbclid=IwAR39JRAehI4SSfjTksMn8O2UrYrCQZqghkdCR_oDVJZH5qyhVVea8ewoi20



bottom of page