top of page
  • Writer's picturemachinthe

မြန်မာပြည်က ဖီမီနင့်ဇင်ကို ပြန်လည်သုံးသပ်ခြင်း

ဒီဇင်ဘာလ ၁၄ ရက်နေ့က ရီဗော်လူးရှင်း.အမှတ်.သုည က ပြန်တင်ထားတဲ့ မိသဲရေးတဲ့ မြန်မာပြည်က ဖီမီနင့်ဇင်အကြောင်း ဆောင်းပါးကို သဘောကျလို့ ပြန်ကိုးကားသုံးသပ်ချင်တယ် (ဆောင်းပါးလင့်ခ်ကို အောက်မှာ ထည့်ပေးထားပါတယ်)


ဆောင်းပါးအနှစ်ချုပ်ကတော့ မြန်မာပြည်က ဖီမီနင့်ဇင်ဆိုတာ အနောက်နိူင်ငံတွေ တင်သွင်းလာတဲ့ ဖီမီနင့်ဇင်တွေကြောင့် ပေါ်ထွန်းလာတာမျိုးမဟုတ်ဘူး ကျေးလက်ဒေသက မိန်းမတွေ သာမန်လူတန်းစားမိန်းမတွေဟာလည်း ဖီမီနင့်ဇင်လို့ ခေါင်းစဉ်မတပ်ဘဲနဲ့ကို ဖီမီနင့်အရုန်းအကန်တွေကို မျက်ကွင်းထင်ထင်မြင်တတ် သုံးသပ်တတ်တယ်ဆိုတာပါပဲ


ကျွန်မကိုယ်တိုင်လည်း မြန်မာပြည်က တချို့သာမန်လူတန်းစားအမျိုးသမီးတွေနဲ့ စကားပြောခဲ့ဖူးတုန်းက ဒီလိုမျိုးကို လေ့လာခဲ့ရတယ် သူတို့တွေဟာ ပထမလှိုင်း ဒုတိယလှိုင်း တတိယလှိုင်း အစရှိတဲ့ အနောက်နိူင်ငံထုတ် ဖီမီနင့်ဇင်တွေအသာထား မြန်မာပြည်က လူထုဒေါ်အမာရေးခဲ့တဲ့ အမျိုးသားရေးဆန်တဲ့ အမျိုးသမီးဝါဒီတွေကို‌တောင် ခေါင်းစဉ်မသိဘဲ သူတို့ ဘဝအတွေ့အကြုံကနေ ပြန်လည် အနှုတ်ကောက်ယူနေတာလို့ ခံစားခဲ့ရဖူးတယ်


ဆောင်းပါးထဲက နောက်တစ်ချက်ကတော့ ဇီဝဗေဒအရ မိန်းမကိုယ်အင်္ဂါရှိနေတဲ့သူတွေဟာ ဖီမီနင့်ဇင်ရဲ့ သဘောသဘာဝကို ပိုသဘောပေါက်နေရခြင်းဟာ မဆန်းဘူးဆိုတာပါပဲ ဒီတစ်ချက်က စိတ်ဝင်စားဖို့ကောင်းတယ် ဘာလို့လဲဆိုတော့ ကျွန်မလက်ရှိ တွေ့ကြုံဆက်ဆံဖူးတဲ့ တက်ကြွလှုပ်ရှားသူတွေထဲမှာ ယောင်္ကျားတက်ကြွလှုပ်ရှားသူတချို့ဟာ ဒါကို အနောက်နိူင်ငံက TERF feminism လို့ခေါ်တဲ့ လိင်အင်္ဂါပြောင်းလဲသူတွေအတွက် ထည့်သွင်းမစဉ်းစားတဲ့ ဖီမီနင့်ဇင် ဆိုပြီး စွပ်စွဲတာမျိုးတွေ ကြားနေရပါတယ်


TERF ဆိုတာကတော့ trans-exclusionary radical feminist လို့ အရှည်ကောက်ရပါတယ် ပြောချင်တာက လိင်အင်္ဂါပြောင်းလဲသူတွေကို ပယ်ထုတ်တဲ့ အစွန်းရောက်ဖီမီနင့်ဇင်လို့ ပြောလို့ရပါတယ် အနောက်နိူင်ငံက ဥပမာအနေနဲ့ကတော့ အားကစားပြိုင်ပွဲတွေမှာ မိန်းမကိုယ်အင်္ဂါပြောင်းလွှဲထားတဲ့ အားကစားသမားတွေဟာ မိန်းမသီးသန့် အားကစားအုပ်စုတွေမှာ ပါဝင်တာမျိုးဟာ မတရားဘူးဆိုပြီး ပြောကြပါတယ် ဆယ်တန်းတုန်းက ကျွန်မ အတန်းဖော်တွေ အသေကြိုက်ခဲ့တဲ့ Harry Potter စာရေးဆရာမ ဂျေကေရိုလင်းဟာ TERF ဖီမီနင့်သမားတစ်ယောက်အဖြင့် အခုမှာ ရှုံ့ချခံနေရတယ် မြန်မာလို ဘာသာပြန်ထားတဲ့ "ငါတို့ အားလုံးဘာလို့ ဖီမီနင့်ဖြစ်သင့်သလဲ" မူရင်းစာအုပ် နိူင်ဂျီးရီးယန်းစာရေးဆရာ ချီမာမန်ဒါ နဂိုဇီ အဒီချီ ဟာလည်း TERF တစ်ယောက်ပါဆိုပြီး trans အခွင့်အရေးနဲ့ ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူတွေက ဆိုထားတယ် (လင့်ခ်ကို အောက်မှာ ထည့်ပေးထားပါတယ်) TERF ဖီမီနင့်ဇင်က ပြောရရင်တော့ no vagina no opinion မိန်းမအင်္ဂါဇာတ်မရှိရင် လာမပြောနဲ့ဆိုတဲ့ သဘောပါ


ပြန်ကောက်ရရင်တော့ မိသဲပြောချင်တဲ့ မြန်မာပြည်မှာ မိန်းမခန္ဓာကိုယ်ရှိတဲ့သူတွေဟာ ဖီမီနင့်ဇင်ကို ပိုနားလည်တယ်ဆိုတာက TERF ဖီမီနင့်ဇင်နဲ့ နည်းနည်းကွာတယ်လို့ ကျွန်မကတော့ ထင်တယ် ဖီမီနင့်ဇင်ဆိုတာ ယောက်ျား မိန်းမ လိင်နှစ်မျိုးကြားက ဖြစ်နေတဲ့ ပါဝါတွေကိုပဲ သုံးသပ်တာမဟုတ်ပါဘူး မိသဲ ရေးသလို မိန်းမတစ်ယောက်ဖြစ်ရခြင်းကြောင့် နောက်ဆက်တွဲ ခံစားလာရတဲ့ ဖိနှိပ်မှုတွေကိုလည်း ဖီမီနင့်ဇင်ကနေ ပြန်သုံးသပ်လို့ ရပါတယ်


ကျွန်မအတွက်ကတော့ ဖီမီနင့်ဇင်ဟာ ဒွိဟနှစ်မျိုးခွဲနေတာတွေကို ချေပတာပါ ယောက်ျား မိန်းမ ဆိုတာဟာလည်း ကျွန်မတို့ လူမှုအသိုင်းအဝိုင်းတွေရဲ့ ပညတ်ချက်တွေကြောင့် နှစ်မျိုးကွဲနေသလို တခြားနှစ်မျိုးကွဲနေတာတွေ ခွဲထားတာတွေလည်း အများကြီး ရှိပါတယ် ဥပမာ စိတ်ခံစားချက်တွေနဲ့ ဦးနှောက်က ဓမ္မဓိဌာန်ကျကျ ခွဲခြားတာတွေကို ဟိုဘက်ကမ်း ဒီဘက်ကမ်း မတူသလို ခွဲထားပါတယ် ပြောလေ့ရှိတာက ဦးနှောက်နဲ့ စဉ်းစားဆုံးဖြတ်ပါ နှ‌လုံးသားနောက်မလိုက်ပါနဲ့ဆိုတာမျိုးပါ ဘဝမှာ အမှန်တကယ်က ရွေးချယ်စရာဆိုတာ နှစ်မျိုးပဲ ရှိတာ မဟုတ်ပါဘူး ဒါကို မော်ဒန်အတွေးအခေါ်မှာတော့ dichotomy တွေအနေနဲ့ နှစ်မျိုးပဲ ရွေးချယ်စရာရှိတယ်လို့ ခွဲခြားလိုက်တာတွေကို ဖီမီနင့်ပညာရှင်တွေက ပြန်မေးခွန်းထုတ်လေ့ရှိတယ် နာမည်ကျော်ကြားတဲ့ ပြင်သစ် ဒဿနပညာရှင် ရနေး ဒေကတ်ပြောခဲ့တဲ့ I think, therefore I am ငါတွေးတယ် အဲ့‌ဒီတော့ ငါ တည်ရှိသည် ဆိုတဲ့ လူသားဖြစ်တည်မှုဟာ စိတ်နဲ့ ခန္ဓာချိတ်ဆက်မှုမှာပဲ ရှိတယ်ဆိုတဲ့ အနောက်တိုင်း လူဖြူဒဿန‌တွေကို ဖီမီနင့်အမြင်အရ မတွေးရင်ရော မဖြစ်တည်တော့ဘူးလားဆိုပြီး ပြန်မေးလို့ ရပါတယ် (ဒေကတ်ရဲ့ သီအိုရီဟာ တွေးခေါ်ဖို့အတွက် အချိန်မရှိတဲ့ သာသာယာယာနေပိုင်ခွင့်မရှိတဲ့ လူတန်းစားကို လူရယ်လို့ ဖြစ်တည်တယ်လို့ သတ်မှတ်ထားရာမရောက်တဲ့အတွက် လူတန်းစားခွဲခြားတယ်လို့ ကျွန်မကတော့ ယူဆပါတယ်)


အဲ့တော့ ဒီလို ဖီမီနင့်ဇင်ဆိုတာနဲ့ အနောက်က ဖီမီနင့်ဇင်မျိုးကို ပြေးမြင်တတ်တဲ့သူတွေဟာ မိသဲရေးထားတဲ့ မြန်မာပြည်က ဖီမီနင့်ဇင်ဆိုတာမျိုးကို နားမလည်သေးဘူးလို့ ပြောလို့ ရတယ် ယောက်ျားခန္ဓာကိုယ်နဲ့ ဘဝကို ဖြတ်သန်းလာတော့ ဘယ်လိုပဲ ဖိနှိပ်ရေးတွေကို ရှုံ့ချနေပေမဲ့ သူတို့တွေရဲ့ တက်ကြွလှုပ်ရှားမှုတွေဟာ ဖီမီနင့်မဆန်နေဘူး (ယောင်္ကျားတွေ ဖီမီနင့်ဖြစ်လို့ မရဘူး ပြောတာ မဟုတ်ပါဘူး လွယ်လွယ်နဲ့ မမြင်တာကို ပြောတာ) ဖီမီနင့်ဆန်တယ်လို့ ဆိုတာက မိန်းမတွေရဲ့ ဖိနှိပ်ရေးကို ဦးစားပေးမှလို့ ပြောချင်တာ မဟုတ်ပါဘူး တက်ကြွလှုပ်ရှားမှုကို လုပ်တဲ့နေရာ လုပ်ပုံလုပ်နည်း တွေမှာ ပြနေပါတယ် သူတို့ဟာ စကားပြောဆိုရာမှာ လူသားဆန်စွာပြောသလား ခေါင်းနဲ့ စဉ်းစားပြီး ရုပ်ဝတ္တုပြောင်းလဲရေးတွေကိုသာ ဦးစားပေးပြီး စိတ်ခံစားချက်တွေကို နောက်တန်းမှာထားသလားဆိုတဲ့ နေရာတွေမှာ ပြနေပါတယ်


လွန်ခဲ့သော လပိုင်းက ကျွန်မ စကားဝိုင်းတစ်ဝိုင်းမှာ တက်ကြွလှုပ်ရှားသူတချို့နဲ့ မိန်းကလေးတစ်ယောက် အဖမ်းခံခဲ့ရချိန် စစ်သားတွေရဲ့ ရိုက်နှက်ခံခဲ့ရတဲ့ မျက်နှာပုံနဲ့ သူ့ရဲ့အရင်ကပုံတွေ သူ့ရဲ့ သမီးရည်းစား အချစ်ရေးအကြောင်းတွေ ဘယ်မှာနေ ဘာလုပ်တယ်ဆိုတာတွေ လူမှုစာမျက်နှာတွေမှာ ပျံ့နှံလာတာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ခဲ့တယ် အဲ့ဒီမှာ စကားဝိုင်းထဲက ယောင်္ကျားတွေဟာ ဒါကို မရှက်သင့်ဘူး ဒီလို ရှက်တာကိုက အသိုင်းအဝိုင်းပညတ်ချက်တွေကို လက်ခံတာ မိန်းကလေးလည်း တော်လှန်ရေးမှာ စတေးသင့် စတေးရမှာပဲဆိုပြီး ပြောခဲ့ကြတယ် မိန်းမတွေကတော့ ဒါကို ကာယကံရှင်မိန်းကလေးကို သူ ဘယ်လိုခံစားရသလဲ မေးသင့်တယ်ဆိုပြီး ပြန်ချေပခဲ့ကြတယ် ကျွန်မ စဉ်းစားမိတာက မိန်းကလေးလည်း မရှက်သင့်ဘူးလို့ ဘာလို့ မိန်းမတွေက အချင်းချင်း ပြန်မပြောကြဘဲ ယောင်္ကျားတွေကသာ ပြောသလဲဆိုတာပါပဲ ဒီနေရာမှာ စစ်ဝါဒကို တော်လှန်တာချင်းအတူတူ တက်ကြွလှုပ်ရှားမှုတွေထဲမှာ ယောင်္ကျားတွေက မိန်းမတွေ ဖိုမဟုတ်တဲ့သူတွေကို ပြန်ပြီး ဩဇာပေးတဲ့ မဟာဖိုဝါဒက အမြစ်တွယ်နေတုန်းပဲဆိုတာ သဘောပေါက်လိုက်မိတယ် တော်လှန်ရေးအတွက် စတေးရမှာပဲဆိုတဲ့နေရာမှာ မတူညီနေတဲ့ အသိုင်းအဝိုင်းကြီးထဲမှာ စတေးခံမှုတွေကအစ မတူညီဘူးဆိုတာ စဉ်းစားမှု လစ်ဟာနေတယ်


ဖီမီနင့်ဇင်ဟာ မိန်းမတက်ကြွလှုပ်ရှားသူတွေရဲ့အလုပ်ဆိုပြီး တက်ကြွလှုပ်ရှားမှုတွေမှာတောင် ကဏ္ဍတွေခွဲထားသလား မိန်းမတက်ကြွလှုပ်ရှားသူတွေရဲ့ လုပ်ပုံကိုင်ပုံတွေကို ရှုံ့ချနေသလား တက်ကြွလှုပ်ရှားမှုတစ်ခုဟာ ရုပ်ဝတ္တုပြောင်းလဲရေးတွေကိုသာ ဦးတည်ရမယ် အိမ်ထောင်သားမွေးမှုတွေကို နောက်ခဏထား အရှက်တရားတွေကို နောက်ခဏထား ဆိုပြီး တိုက်တွန်းနေသလား လမ်းပေါ်ထက် လူမှုစာမျက်နှာပေါ်တက် စာတွေရေး ဆန္ဒပြကြတဲ့နေရာမှာ ဘယ်သူက အိမ်မှာ ထမင်းဟင်းချက်ပေးနေသလဲ အဝတ်လျှော်ပေးနေသလဲ အိမ်သန့်ရှင်းရေးလုပ်ပေးနေသလဲ လိင်ပိုင်းဆိုင်ရာ အာသာဖြေမှု လုပ်ပေးနေသလဲ (ဒါတွေဟာလည်း လုပ်အား သို့ labor တွေပါပဲ စက်ရုံလုပ်အား Marx ဆိုခဲ့တဲ့ လုပ်အားပေါ်ကနေ ခုနောက်ပိုင်း ဖီမီနင့်ဇင်ရှုထောင့်က ပြန်ကြည့်တဲ့ အိမ်တွင်းရေး လုပ်အားတွေပါပဲ) မေးခွန်းပြန်ထုတ်ရပါမယ် ‌


မြန်မာပြည်က/မြန်မာပြည်နဲ့ ပတ်သက်တဲ့ ဖိနှိပ်မှုတွေကို‌ တော်လှန်နေတဲ့ ယောက်ျားတက်ကြွလှုပ်ရှားသူတွေရဲ့ TERF ဖီမီနင့်ဇင်လို့ စွပ်စွဲထားတွေဟာ အနောက်က တင်သွင်းလာတဲ့ ဖီမီနင့်ဇင်တစ်မျိုးကို ပြန်ချေပနေတာဖြစ်ပြီး အောက်ခြေမြေပြင် မြန်မာပြည်ရဲ့ ဖီမီနင့်ဇင်တွေနဲ့ ကင်းကွာနေတယ် လက်ရှိမှာတော့ မြန်မာပြည်က ယောက်ျားတက်ကြွလှုပ်ရှားသူတွေတချို့ဟာ သူတို့ကိုယ်သူတို့ ဖီမီနင့်လို့ ခေါ်ရမှာ လက်ရွံ့နေသေးတုန်းလို့ ကျွန်မ မြင်တယ် ထမီတော်လှန်ရေးတုန်းက ထမီတွေ ခေါင်းပေါ်ပတ် လူမှုစာမျက်နှာပေါ်တင်ရုံနဲ့ သူတို့ကို ကျွန်မတို့ ဖီမီနင့်လို့ မြင်လို့ ရမလား စဉ်းစားသင့်ပါတယ်


Personal is political လူမှုကိုယ်တွင်းရေးတွေဟာ နိူင်ငံရေးဖြစ်သည်ဆိုတဲ့ ဖီမီနင့်ဇင်က အပေါ်ထင်ဆုံးစကားလုံး (တချို့ ဖီမီနင့်မဟုတ်ဘဲ တက်ကြွလှုပ်ရှားသူတွေ မှိုလို သုံးတတ်တဲ့ စကားလုံး) က တကယ့်ကိုယ်တွင်းရေး ဒီနေရာမှာ အိမ်ထောင်ရေး သားမွေးရေး မီးဖိုချောင်ဝင်ရေးတွေဟာ နိူင်ငံရေး လူမှုရေး စည်းမျဉ်းတွေ မဟာဖိုဝါဒတွေအောက်မှာ မျက်စိဒေါက်ထောက်ဖိနှိပ်ခံထားရတယ်လို့ ဆိုလိုချင်တာပါ မိသဲကတော့ ဖီမီနင့်ဇင်ဟာ စစ်ဝါဒအကြောင်း မပြောရင် လုပ်အားအကြောင်းမပြောရင် ဖီမီနင့်ဇင်မမြောက်ဘူးလို့ ဆိုထားတယ် ဒါကို ဖြည့်စွက်ပြောရရင် ဖီမီနင့်ဇင်ဟာ ပညာရှင်စင်တိုင်ပေါ်က သီအိုရီတစ်ခု အနောက်နိူင်ငံက တင်သွင်းထားတဲ့ သီအိုရီတစ်ခုလို မြင်နေ သုံးသပ်နေသေးသရွေ့ ခေါင်းပေါ် ထမီတစ်စ အချိန်ပိုင်းမျှ ပတ်လိုက်ရုံနဲ့ မဟာဖိုဝါဒကို စိန်ခေါ်ရာရောက်တယ်လို့ ထင်နေသေးသရွေ့ ဒါဟာ ဖီမီနင့်မဟုတ်ဘူးလို့ ဆိုရမှာပါပဲရှင်


ဒီဇင်ဘာ ၁၉ ၂၀၂၁


ရီဗော်လူးရှင်း အမှတ်သုညက မိသဲရဲ့ အက်ဆေး https://www.facebook.com/105743808398126/posts/210041374635035/?sfnsn=mo


https://www.npr.org/2021/06/17/1007350665/chimamanda-ngozi-adichie-directs-fiery-essay-at-former-student-and-cancel-cultur?fbclid=IwAR06bTOU53wJkNjZvSgQ-ecS5tFVUdnWUkPRdXv8mqWP58yeonKio7TOdTU


ပုံက‌တော့ မန္တလေးက ဘုရားတစ်ဆူမှာ အမျိုးသမီးများ မဝင်ရဆိုတဲ့ ဆိုင်းဘုတ်ကို ၂၀၁၉က ကျွန်မကိုယ်တိုင် ရိုက်ခဲ့တာပါ




bottom of page