top of page
  • Writer's picturemachinthe

မိမိကိုယ်ကိုပိုင်စိုးမှုနှင့် မင်းမဲ့သဘောတရားများဆိုင်ရာမှတ်စုများ

အန်ဒရီယာအက်လာကရန် (Andrea Alakran) မူရင်းရေးသားပြီး မခြင်္သေ့ဘာသာပြန်သည်။ မူရင်းဆောင်းပါးကို စာရေးသူ၏ medium blog တွင် ၂၀၁၉ ခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ပြန်ခဲ့ပြီး ဖိလစ်ပိုင်ကျွန်းစုတွင်လက်ရှိနေထိုင်နေကြသူများနှင့် အခြားအရပ်ဒေသများသို့ ရွှေ့ပြောင်းအခြေချသူကျွန်းသားမင်းမဲ့သမားများနှင့် လစ်ဘာတေးရီးရန်း (Libertarian) သမားများ၏ အရေးအသားအတွေးအခေါ်များကို စုစည်းတင်ပြသော ဘန်ဒီလန်အီတမ် (Bandilang Itim/အလံနက်) blog တွင် ၂၀၂၀ ခုနှစ်တွင်ပြန်လည်ဖော်ပြခဲ့သည်။ မူရင်းစာရေးသူသည် ဖိလစ်ပိုင်နိူင်ငံမှအမေရိကန်နိူင်ငံသို့ ရွှေ့ပြောင်းအခြေချသူတစ်ဦးဖြစ်သည်။

ဘန်ဒီလန်အီတမ် (သို့) အလံနက်သည် ဖိလစ်ပိုင်ကျွန်းစုများမှ မင်းမဲ့အတွေးအခေါ်အယူအဆများနှင့် လစ်ဘာတေးရီးရန်းဆိုရှယ်လစ်အယူအဆအတွေးအခေါ်များကို ပိုမိုခွန်အားကောင်းလာအောင် ထောက်ပံ့ပေးနေသောရပ်ဝန်းတစ်ခုဖြစ်သည်။

မူရင်းဆောင်းပါးကို ဤလင့်ခ် (သို့) ဤလင့်ခ် တွင်ဝင်ရောက်ဖတ်ရှုနိူင်သည်။

ဤဆောင်းပါးနှင့်ပတ်သက်ပြီး ဘာသာပြန်မှတ်ချက်များစွာကို ဤဘာသာပြန်နှင့်အတူရေးသားဖော်ပြရန် နေရာမလုံလောက်သည်အတွက် ထိုမှတ်ချက်များကိုသုံးသပ်ချက်ဆောင်းပါးအနေဖြင့်သီးသန့်ရေးသားရန် စိတ်ကူးထားပါသည်။

အရေးကြီးသောဝေါဟာရများနှင့် မှတ်ချက်များ

Autonomism - မိမိကိုယ်ကိုပိုင်စိုးရေးသဘောတရား။

Autonomy - မိမိကိုယ်ကိုပိုင်စိုးခွင့်။

Agency - မိမိကိုယ်ပိုင်လုပ်ပိုင်ခွင့်။

Essentialism - လူတစ်ဦးတစ်ယောက်၏ဖြစ်တည်ခြင်းမြောက်မြားစွာထဲမှ တစ်ခုကိုသာ ပုံပမာယူအနှစ်သာရပြုလိုက်ခြင်း။

Femme - မိန်းမသွင်သဏ္ဍာန်ပေါက်သောသူ၊ မ သဘောတရားကိုကျင့်သုံးနေထိုင်သူ။ (ဇီဝဗေဒလိင်အင်္ဂါအရ မိန်းမဖြစ်နေသောသူ/ဖြစ်မနေသောသူ မည်သူမဆို မိန်းမသွင်သဏ္ဍာန်နှင့် မိမိနေ့စဥ်ဘဝကိုဖြတ်သန်းပါက မိမိကိုယ်ကို femme ဟုခေါ်ဝေါ်နိူင်သည်။) Feminine - မ သဘောတရားဆန်ခြင်း။ (Femininity - မ သဘောတရား။)

State - နိူင်ငံတော်။ (အင်္ဂလိပ်ဘာသာစကားတွင် nation နှင့် state ကိုသီးသန့်ခွဲခြားရည်ညွှန်းလေ့ရှိသည်။ Nation ဆိုသည်မှာ ရိုးရာဓလေ့၊ ဘာသာစကားအစရှိသော လူအုပ်စုတစ်ခုကြားက ဆင်တူသောရိုးရာထုံးစံများအပေါ်အခြေခံပြီးတည်ဆောက်ထားသောနိူင်ငံတစ်နိူင်ငံဟု၍ အကြမ်းဖျင်းနားလည်သဘောပေါက်၍ရနိူင်သည်။ State ဆိုသည်မှာ ရိုးရာဓလေ့ဘာသာစကားများမတူညီနေသော်လည်း အစိုးရဖွဲ့စည်းမှုပုံစံတစ်ခုခုအောက် အုပ်ချုပ်ခံလူအုပ်စုတစ်စု၊ နယ်မြေတစ်နေရာဟု နားလည်နိူင်သည်။ အချို့နေရာများတွင် nation-state ဟူ၍ ဤအဓိပ္ပါယ်သဘောတရားနှစ်မျိုးလုံးအပေါ် အခြေခံတည်ဆောက်ထားသောနိူင်ငံများကို ရည်ညွှန်းနိူင်သည်။ ဤဆောင်းပါးတွင် စာရေးသူသည် state ဟုသာသုံးစွဲထားသည်ကို နိူင်ငံတော်ဟုသာ ဘာသာပြန်ထားသည်။) Diaspora - မိမိမွေးဖွားကြီးပြင်းရာနိူင်ငံပြင်ပတွင် နေထိုင်တည်ရှိရွေ့လျားနေသောလူအုပ်စုများ။ ဥပမာ - အမေရိကန်နိူင်ငံတွင်အခြေချနေထိုင်နေသော မြန်မာဒိုင်ရာစပရာ၊ ထိုင်းနိူင်ငံတွင်အခြေချနေထိုင်နေသော ရှမ်းဒိုင်ရာစပရာ။

1.5 Generation - ‌ အသက် ၆ နှစ်မှ ၁၂ နှစ်အတွင်း မိခင်နိူင်ငံမှအခြားနိူင်ငံတစ်နေရာသို့ ပြောင်းရွှေ့နေထိုင်သူများ။ (မိမိတို့၏ မိခင်နိူင်ငံမှအခြားနိူင်ငံများသို့ ရွှေ့ပြောင်းအခြေချသူများကို ၄င်းတို့၏‌ရွှေ့ပြောင်းအခြေချမှုမျိုးဆက်အလိုက်ခေါ်ဝေါ်သတ်မှတ်ကာ ၄င်းတို့၏ပြောင်းလဲလာသောဖြစ်တည်မှုများကို သုံးသပ်လေ့ရှိကြသည်။ မိခင်နိူင်ငံမှအခြားနိူင်ငံတစ်နိူင်ငံသို့ပြောင်းရွှေ့နေထိုင်သောသူများကို ပြောင်းရွှေ့နေထိုင်သူပထမမျိုးဆက် (first generation immigrant/migrant) ဟုခေါ်ဝေါ်ပြီး ၄င်းတို့မှ ဒုတိယနိူင်ငံတွင်နေစဥ် မွေးဖွားသောကလေးများကို ပြောင်းရွှေ့နေထိုင်သူ ဒုတိယမျိုးဆက်ဟုခေါ်ဝေါ်ကြသည်။ လူမှုဗေဒပညာရှင် ရူဘင်ယန်ဘောက် (Ruben Rambaut) ၏အဆိုအရ ပြောင်းရွှေ့နေထိုင်သူမျိုးဆက် ၁.၇၅ ဆိုသည်မှာ မွေးကင်းစမှ အသက် ၅ နှစ်အတွင်း မိခင်နိူင်ငံမှအခြားနိူင်ငံတစ်နေရာသို့ ပြောင်းရွှေ့နေထိုင်သူများကိုဆိုလိုသည်။ ၄င်းတို့၏ကြီးပြင်းမှုအတွေ့အကြုံများသည် မိခင်နိူင်ငံတွင်မွေးဖွားခဲ့သော်လည်း ငယ်ရွယ်စဥ်ပြောင်းရွှေ့ခဲ့သောကြောင့် ဒုတိယနိူင်ငံတွင် မွေးဖွားကြီးပြင်းသော ပြောင်းရွှေ့အခြေချနေထိုင်သူ ဒုတိယမျိုးဆက်များ၏အတွေ့အကြုံများနှင့် ပိုမိုနီးစပ်သည်ဟု ပြောင်းရွှေ့ခြင်းဆိုင်ရာ‌လေ့လာသူပညာရှင်များက ဆိုကြသည်။ ပြောင်းရွှေ့နေထိုင်သူမျိုးဆက် ၁.၂၅ ဆိုသည်မှာ အသက် ၁၃ နှစ်မှ ၁၄ နှစ်အတွင်း မိခင်နိူင်ငံမှအခြားနိူင်ငံတစ်နေရာသို့ ပြောင်းရွှေ့နေထိုင်သူများကိုဆိုလိုသည်။ Formative years ဟုခေါ်သော လူ့ခန္ဓာနှင့်စိတ်ဖွံ့ဖြိုးဆဲကာလတစ်ခုအတွင်း မိခင်နိူင်ငံတွင်ကြီးပြင်းခဲ့သောကြောင့် ၄င်းတို့၏အတွေ့အကြုံများသည် ပြောင်းရွှေ့နေထိုင်သူပထမမျိုးဆက်များ၏အတွေ့အကြုံများနှင့် ပိုမိုနီးစပ်သည်ဟု ပြောင်းရွှေ့ခြင်းဆိုင်ရာပညာရှင်များက ဆိုသည်။)

Organizing - စည်းရုံးခြင်း။ ဖွဲ့စည်းခြင်း။ ဆောသြခြင်း။

Margin - အနားသတ်နေရာ။ ကြား။ မာဂျင်ဟုခေါ်သော စာမျက်နှာတစ်မျက်နှာ၏ဘေးစွန်းနေရာများသကဲ့သို့ အစုအဝေးတစ်ခုခု၊ ဖြစ်တည်မှုတစ်ခုခုထဲတွင်ပါဝင်သည်ဟု သတ်မှတ်ခြင်းမခံရသောသူများကိုထုတ်ထားသော ဘေးပြင်တစ်နေရာ/နေရာများ။

......................................

ငါကတော့ ငါ့ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေအပေါ်အခြေခံပြီး ကိုယ့်ကိုကိုယ် မိမိကိုယ်ကိုပိုင်စိုးခြင်းဆိုင်ရာ လက်ဝဲသမားတစ်ယောက်လို့ ခံယူတယ်။ မိမိကိုယ်ကိုပိုင်စိုးရေးသမား (autonomist) ဆိုတာ အကြမ်းဖျင်းပြောရရင် မင်းမဲ့သမား (anarchist) တစ်ယောက်ပါပဲ။ မိမိကိုယ်ကိုပိုင်စိုးရေးသမားလို့သုံးရတာက မင်းမဲ့သဘောတရားလို့ပြောလိုက်တာနဲ့ လူတော်တော်များများက များသောအားဖြင့် ဖျက်လိုဖျက်ဆီးတွေလို့ထင်နေကြလို့ပဲ။ အဲ့လိုထင်နေတော့ စကားဆက်ပြောရတာ ခက်သွားတယ်။

ဖိလစ်ပိုင်အမျိုးသားရေးကို ငါငယ်ငယ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဒါပေမဲ့ အစစ်အမှန်ဟုတ်မဟုတ် ဆက်တိုက်စစ်ဆေးတာ၊ တစ်စုံတစ်ခုကို ပုံပမာယူအနှစ်သာရပြုတာ၊ နိူင်ငံတော်ကချမှတ်ထားတဲ့ဖြစ်တည်မှုလေဘယ်တွေထဲမှာ အင်ဒီးဂျနင့်လူမျိုးတွေကို ဖျောက်ဖျက်လိုက်တာတွေကြောင့် အမျိုးသားရေးဆန်တဲ့နိူင်ငံရေးနေရာတွေကနေ ငါထွက်ခွာခဲ့တယ်။ ဆုံမှတ်တွေပေါင်းစုံကျော်ဖြတ်နေတဲ့နေရာကနေ စကားပြောဖို့၊ အာခံကြဖို့ ငါကပိုစိတ်ဝင်စားတာလေ။ ငါက မိန်းမသွင်သဏ္ဍာန်ပေါက်တဲ့ကွီယားလူညိုတစ်ယောက်ပါ။ ငါက အင်ပိုင်ယာစနစ်တွေကိုဆန့်ကျင်သူ၊ အစိုးရတွေနဲ့တည်ဆောက်ထားတဲ့နိူင်ငံတော်ဆိုတာကို ဆန့်ကျင်သူ၊ မဟာဖိုဝါဒကို ဆန့်ကျင့်သူ၊ ထောင်စနစ်ကို ဖြိုချဖျက်ဆီးချင်သူတစ်ယောက်ပါ။ ငါအလုပ်လုပ်တာ တတိယကမ္ဘာလွတ်မြောက်ရေးနဲ့ ဆက်စပ်နေတဲ့ရုန်းကန်မှုတွေအတွက်။ ငါက ရွှေ့ပြောင်းအခြေချသူ ၁.၅ မျိုးဆက်တစ်ယောက်လည်းဖြစ်တယ်။ ငါ့ရဲ့ဒီဖြစ်တည်ချက်တွေအရ ငါဟာ အိမ်ဆိုတာကို အမြဲတမ်းအနားသတ် ကြားတစ်နေရာမှာသာတည်ဆောက်နေရသူတစ်ယောက်ဖြစ်တယ်။

မင်းမဲ့သဘောတရားကို အတူတကွစုပေါင်းနေထိုင်မှု (သို့) ဆုံးဖြတ်ချက်တွေချတဲ့နေရာမှာ အထက်အောက်စနစ်တွေ၊ အာဏာရှင်စနစ်တွေကနေ ပေါ်ပေါ်ထင်ထင်ဖယ်ခွာဖို့ကြိုးစားနေတဲ့ လူမှုပေါင်းသင်းဆက်ဆံရေးတစ်ခုလို့ ငါနားလည်တယ်။

ငါလိုက်နာတဲ့နိယာမက အထက်အောက်မရှိတဲ့အစုအဖွဲ့ဖြစ်တည်မှုပဲ။ ဒါကတော့ ဘယ်သူမဆို သူတို့ရဲ့လုပ်နိူင်စွမ်းနဲ့ အရည်အချင်းတွေအပေါ်မူတည်ပြီး ပါဝင်နိူင်စွမ်း/ပါဝင်နိူင်ခွင့်ရှိခြင်းကိုဆိုလိုတာပဲ။ စည်းရုံးရေးတွေမှာ ဘယ်သူ့ကိုမဆို (အထူးသဖြင့် မသန်စွမ်းသူတွေနဲ့ တာရှည်ရောဂါရှိသူတွေအတွက်ပါ) ပါဝင်ခွင့်ရှိတာကို ငါကြိုက်တယ်။ တော်လှန်ရေး “ရှေ့တိုးဖို့” အောက်ခြေကသူတွေကို တန်စားခံသင့်ခံရမှာပဲဆိုတဲ့ တင်းကျပ်တဲ့ခေါင်းဆောင်မှုပုံစံတွေ ငါမကြိုက်ဘူး။ ငါ့အတွက်ကတော့ မင်းမဲ့သဘောတရားဆိုတာ ဖိနှိပ်မှုပေါင်းစုံကိုတိုက်ခိုက်စိန်ခေါ်ဖို့အတွက် ကတိပြုချက်တစ်ခု၊ ဗြဟ္မစိုရ်တရားနဲ့ အချင်းချင်းအတွက်ရင်းနှီးမြှုပ်နှံပြီး ရပ်ရွာပတ်ဝန်းကျင်အပေါ်ဂရုဏာထားမှုတွေကို ထည့်သွင်းစဥ်းစားချက်တစ်ခု၊ အကြောက်တရားမရှိ၊ အရှက်တရားမရှိ၊ ဖြစ်တည်မှုတွေကို အခြိမ်းအခြောက်မခံရဘဲ လူတိုင်းဟာ သူတို့ဖြစ်ချင်တာတွေကို (တခြားသူတွေကို အကြမ်းဖက်ရာမကျဘဲ) ပြည့်ပြည့်ဝဝဖြစ်လာနိူင်အောင် ဖန်တီးပေးတဲ့နေရာတစ်ခုပဲဖြစ်တယ်။

ငါ့ရဲ့ မင်းမဲ့သဘောတရားကိုနားလည်မှုက သေသွားပြီဖြစ်တဲ့လူဖြူယောင်္ကျားတွေရဲ့သီအိုရီတွေပေါ်မှာ သိပ်အခြေခံမနေဘဲ ငါ့ဖြစ်တည်မှုအစိတ်အပိုင်းတွေအကုန်ပါဝင်နိူင်တဲ့ စည်းရုံးဆော်သြရေးအလုပ်အပေါ်မှာသာ အများကြီးအခြေခံနေတယ်။ မိမိကိုယ်ကိုပိုင်စိုးရေးသမားလို့ ငါ့ကိုယ်ငါသေသေချာချာခေါ်လာရခြင်းရဲ့ အဓိကအကျဆုံးအကြောင်းရင်းကတော့ လူတွေကို ငါဘယ်လိုဆော်သြသလဲ၊ သူတို့နဲ့ ငါဘယ်လိုအလုပ်လုပ်သလဲဆိုတာအပေါ်မှာအခြေခံပြီး ဘယ်အရာတွေကငါ့အတွက် အဓိပ္ပါယ်ပိုရှိလာသလဲဆိုတာဆန်းစစ်မိလာတာကြောင့်ပဲ။ မင်းမဲ့သဘောတရားနဲ့ စနစ်တွေကိုဖြိုချဖျက်ဆီးခြင်းနှစ်ခုလုံးဟာ စုတ်ပြတ်သတ်နေတဲ့အထက်အောက်စနစ်တွေ၊ ဖိနှိပ်မှုစနစ်တွေအကုန်လုံးကို ဖျက်ဆီးချင်တာပဲ။ အဲ့ဒီ့တော့ (နာမကျန်းဖြစ်နေတဲ့ ကွီယားလူညိုမိန်းမသွင်သဏ္ဍာန်ရှိသူ/မ သဘောတရားကိုကျင့်သုံးသူတစ်ယောက်ဖြစ်တဲ့) ငါ့အနေနဲ့ “ပါတီ”ကအမိန့်ပေးနေတာကို လိုက်နာရမဲ့အစား ငါ့ဖြစ်တည်မှုအစိတ်အပိုင်းအကုန်လုံးကို ငါ့ဘာသာပြောဆိုအဓိပ္ပါယ်ဖွင့်လို့ရတယ်ဆိုတာပဲ။

“တကယ့်စည်းရုံးရေးသမားတွေ၊ ဆော်သြရေးအလုပ်လုပ်သူတွေက ဒါတွေလုပ်တယ်”ဆိုတဲ့စကားတွေ ငါမပြောမိအောင် အတတ်နိူင်ဆုံးကြိုးစားတယ်။ ဘာလို့လဲဆိုတော့ ခေါင်းစီးတပ်ထားတဲ့စည်းရုံးရေးသမားတွေနဲ့ တခြားသူတွေကို သတ်သတ်စီခွဲပြီး ငါမမြင်တတ်လို့ပဲ။ အဲ့လိုပြောရင် ခေါင်းဆောင်နဲ့နောက်လိုက်ဆိုပြီး အထက်အောက်စနစ်တွေ ပြန်ခွဲခြားလိုက်သလိုပဲ။ လူတချို့ကတော့ ရှေ့တန်းမှာရပ်တည်နိူင်ပြီး နောက်လူတချို့ကတော့ အမိန့်ပဲနာခံတတ်တယ်လို့ လုပ်နိူင်စွမ်းပေါ်မှာအခြေခံပြီး မသိမသာပြန်ခွဲခြားလိုက်သလိုပဲ။

“လူထုအတွက်”ဆိုတဲ့ လက်ဝဲသူရဲကောင်းစကားတွေကို ငါစိတ်ကုန်လာပြီ။ မသိရင် အားလုံးဟာ နေသာလို့ရတဲ့ဘဝတွေတည်ဆောက်ဖို့ကြိုးစားနေတဲ့သူတွေ၊ လွတ်မြောက်ဖို့ကြိုးစားနေတဲ့သူတွေမဟုတ်သလိုပဲ။ ဘယ်သူကမှ ထူးခြားဆန်းကျယ်နေတဲ့ တန်ခိုးရှင်တွေမဟုတ်ဘူးလေ။ ငါတို့ရှင်သန်မှုအတွက် လားလားမျှပြန်မရင်းနှီးထားတဲ့အရွေ့ကြီးတစ်ခုအတွက် ငါတို့ကိုယ်ငါတို့ မြေကြီးထဲထိရောက်အောင်တွန်းတိုက်ပြီး စတေးခံဖို့ဆိုတာ ငါတို့တာဝန်မဟုတ်ဘူး။

မင်းမဲ့သဘောတရားနှင့် အာဏာရှင်ဆန်သောလက်ဝဲဝါဒီ (မာ့စ်-လီနင်-မောင်ဝ်ဝါဒီ)ကြားက မတူညီမှုများ

မင်းမဲ့သဘောတရားနဲ့ မာ့စ်-လီနင်-မောင်ဝ်ဝါဒီ (Marxist-Leninist-Maoism/MLM) တွေကြားကမတူတဲ့အဓိကအချက်တစ်ချက်ကတော့ အထက်အောက်စနစ်ပဲ။ MLM က ကဒတ် (cadre) တွေကိုခေါင်းဆောင်ခြင်းအပေါ်မှာအခြေခံပြီး ဆုံးဖြတ်ချက်တွေချရတယ်။ အဲ့ဒါကြောင့်လည်း အထက်ကချမှတ်ပေးလိုက်တဲ့အမိန့်ကိုသာ MLM တွေက များသောအားဖြင့်လိုက်နာကြတယ်။ မင်းမဲ့သဘောတရားကတော့ အလျားလိုက်သွားတယ်။ ပြောချင်တာက ရည်ရွယ်ချက်ရှိရှိနဲ့ အများသဘောတူချက်ကိုရအောင်၊ တစ်ယောက်ချင်းစီကလိုအပ်နေတာတွေကိုဖြည့်ဆည်းအောင် ဆွေးနွေးတာတွေကို အများကြီးလုပ်ကြရမယ်မဟုတ်ဘူးလား? MLM စည်းရုံးရေးကတော့ အဓိကကျတဲ့အထုနဲ့အရေအတွက်ကိုတည်ဆောက်ဖို့ကြိုးစားလေ့ရှိတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိနိူင်ငံတော်ကို “ပြည်သူ့နိူင်ငံတော်”နဲ့အစားထိုးခြင်းသည်သာအဖြေဖြစ်သည်လို့ သူတို့ထင်ကြလို့ပဲ။ ဒီအချက်ကို မင်းမဲ့သမားတွေက တော်တော့်ကိုသဘောမတူကြဘူး။ မင်းမဲ့သမားတွေအတွက် နိူင်ငံတော်ဆိုတာတွေဟာ ဘယ်လိုသွင်သဏ္ဍာန်နဲ့ဖြစ်နေပါစေ ရှိနေပြီးသားအကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်မှုစနစ်တွေကို ပြန်တည်ဆောက်လေ့ရှိလို့ပဲ။

စွမ်းရည်၊ အတန်အဆ၊ တည်ဆောက်ပုံနဲ့ အလျင်စလိုဖြစ်မှုတွေကြောင့် များသောအားဖြင့် မင်းမဲ့သမားတွေနဲ့ အာဏာရှင်ဆန်တဲ့လက်ဝဲစည်းရုံးရေးသမားတွေကြားမှာ တင်းမာမှုတွေဖြစ်နေတယ်။ များသောအားဖြင့် အာဏာရှင်ဆန်တဲ့လက်ဝဲစည်းရုံးရေးဟာ (ပုံသဏ္ဍာန်အမျိုးမျိုးကွဲနေရင်တောင်မှ) အတွင်းထဲကပဋိပက္ခတွေကို ချောင်ထိုးလိုက်ဖို့ဝန်မလေးဘဲ ဘယ်လိုမှတာရှည်မခံတဲ့နှုန်းနဲ့ အဆမတန်ကြီးထွားလာအောင် ဘာကိုမဆို/ဘယ်သူကိုမဆို တစ်ခါသုံးပုံစံ လွှင့်ပစ်လိုက်လေ့ရှိတယ်။(ငါ့ရဲ့ရပ်ရွာပတ်ဝန်းကျင်ထဲမှာတောင်) ငါဟာ များသောအားဖြင့် ငါ့ရဲ့နာမကျန်းမှု၊ မရေရာမှု၊ သယံဇာတတွေမရှိမှုတို့ကြောင့် အမြဲခဏခဏနောက်ချန်ထားခံခဲ့ရတဲ့လူတစ်ဦးဖြစ်နေတဲ့အတွက် ဒါကို ငါမကြိုက်ဘူး။။ ဒါပေမဲ့ ဗဟိုပြုမှုမရှိတာကြောင့် မင်းမဲ့သဘောတရားကိုအခြေခံပြီး အုပ်စုအကြီးကြီးတည်ဆောက်ဖို့ခက်ခဲတယ်။ မင်းမဲ့သဘောတရားကိုက ပင်ပန်းနွမ်းနယ်ခြင်းတွေ၊ မီးစာကုန်ရေခမ်းဖြစ်ခြင်းတွေနဲ့ ဖယ်ထုတ်ခြင်းတွေအစား အဓိပ္ပါယ်ရှိတဲ့ပေါင်းသင်းဆက်ဆံရေးတွေကို ပိုဦးစားပေးတာကိုး။

တစ်ယောက်နဲ့တစ်ယောက်မသိကြတဲ့၊ ရင်းနှီးမှုတွေမရှိကြတဲ့ ဘီလီယျံနဲ့ချီတဲ့လူတွေကြားက “အ‌ရွေ့”တစ်ခုဆိုတာဘာလဲ? လူထုကိုအခြေခံပြီး လုပ်ကြတဲ့အရွေ့တွေရဲ့ နောက်ထပ်စိတ်ပျက်စရာတစ်ခုက လူထုအတွက်လို့တွန်းလေလေ၊ ဘယ်လိုအရှိန်အဟုန်နဲ့သွားနေတာလဲဆိုတာ သတိမမူမိလေလေဖြစ်လာတာပဲ။ ပိုမိုကြီးထွားဖို့၊ ကြီးထွားဖို့၊ ကြီးထွားဖို့ကြိုးစားလေလေ နောက်မှာကျန်နေခဲ့တဲ့သူတွေကို သတိမထားမိတော့လေလေပဲ။

တစ်ချိန်တည်းမှာပဲ ခံနိူင်ရည်ရှိရှိနဲ့ တာရှည်ခံအောင် မိမိကိုယ်ကိုဘယ်လိုပိုင်စိုးပြီး အများကို စည်းရုံးဆော်သြကြမလဲဆိုတာအတွက်လည်း အလုပ်တော့ဆက်လုပ်ရမယ်။ မင်းမဲ့စည်းရုံးရေးဟာ ပိုပြီးတော့ ခွင့်လွှတ်မှုရှိပြီးပျော့ပြောင်းပေမဲ့ တသမတ်တည်းဖြစ်ဖို့တောင်းဆိုချက်အပြင်းစားတွေမရှိတာကြောင့်လည်း ပျောက်ပျက်ကွဲအက်မှုဒဏ်ကိုပိုခံရလေ့ရှိတယ်။ ဒါပေမဲ့ မိမိကိုယ်ကိုပိုင်စိုးခွင့်ရှိတဲ့နေရာတွေမှာ ငါ့ကိုယ်ငါပြည့်ဝတယ်လို့ ပိုခံစားရတယ်။ ငါ့လိုအပ်ချက်တွေနဲ့ ကန့်သတ်ချက်တွေကို တလေးတစားနားထောင်ဆက်ဆံခံရတယ်လို့ ငါခံစားရတယ်။

ဒါတွေအားလုံးက အလျင်စလိုဖြစ်မှုအတွက် ဘယ်လိုအဓိပ္ပါယ်သက်ရောက်သလဲ?

လူတချို့ကိုတော့ စတေးသင့်ရင်စတေးရမှာပဲဆိုတဲ့အတွေးအခေါ်ကိုလက်မခံဘဲ နိူင်ငံတော်ရဲ့ ပြင်းထန်တဲ့အကြမ်းဖက်မှုနဲ့ ရှားပါးချို့တဲ့မှုတွေအတွက် ငါတို့ဘယ်လိုပြင်ဆင်ထားကြမလဲ? (ဘယ်သူ့တွေကို နောက်မှာထားခဲ့မယ်၊ စတေးမယ်လို့ရော ဘယ်သူကဆုံးဖြတ်ချက်ချခွင့်ရှိတာလဲ?) အလျင်စလိုအရေးကြီးမှုဆိုတာ အတန်အဆနဲ့ အဓိကကျတဲ့လူထုဆိုတာရရှိလာအောင် အရင်ဆုံးမြန်မြန်ဆန်ဆန်စုဆောင်းတာကိုဆိုလိုတာပဲ။ ငါ့အတွက်တော့ ဒါက အချင်းချင်းကြားမယုံကြည်မှုတွေနဲ့ပြည့်နှက်နေတဲ့၊ သူတို့ရဲ့မဆန်းစစ်ရသေးတဲ့နာကျင်မှုတွေကို အချင်းချင်းပေါ်ပြန်အန်ထုတ်ကြတဲ့ အဆိပ်အတောက်နေရာတစ်ခုကိုဖန်တီးတာလို့ပဲ ချက်ချင်းမြင်ယောင်မိတယ်။ ငါတို့တစ်ယောက်ချင်းစီမှာ ထရော်မာဝန်ထုပ်ပိုးပေါင်းများစွာရှိကြတယ်လေ။ အဲ့ဒီထရော်မာတွေကိုလည်း ငါတို့စည်းရုံးရေးလုပ်တဲ့နေရာတွေကို သယ်လာကြတယ်။ ငါအကြိုက်ဆုံးစကားကတော့ “ယုံကြည်မှုအရှိန်နဲ့သာ ရွေ့ပါ”ဆိုတာပဲ -- ဒါက ငါ့သူငယ်ချင်းတွေ အပေါင်းအပါတွေနဲ့ ငါနဲ့ကြားက ပေါင်းသင်းဆက်ဆံရေးတစ်ခုချင်းစီကို ပြုစုပျိုးထောင်ခြင်းပဲ။ ဒီလိုပျိုးထောင်တာကလည်း တော်တော်နှေးကွေးတယ်လို့ စိတ်မရှည်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

အားနည်းသူတွေနဲ့ ထိခိုက်လွယ်သူတွေကို သူတို့ဘာသာကာကွယ်ဆိုပြီး နောက်မှာချန်မထားရစ်ခဲ့တဲ့ ရေရှည်အတွက်အာခံခြင်းအရွေ့တွေနဲ့အစုအဖွဲ့တွေကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို ငါနားလည်ဖို့ကြိုးစားနေတယ်။ ဒါကလည်း အားအင်ကုန်ကောင်းကုန်နိူင်ပါတယ်။ ဆုံးရှုံးတယ်လို့ခံစားရမှုတွေ၊ အစိတ်စိတ်အမွှာမွှာကွဲခြင်းတွေ၊ အတားအဆီးတွေကြားကနေ အစကနေပြန်စဖို့အကြိမ်ကြိမ်ကြိုးစားရတာတွေကလည်း စိတ်ကုန်စရာကောင်းပါတယ်။ ငါစိတ်ဓါတ်တွေကျပြီး ကိုယ့်ကိုယ်ကို ဒီအလုပ်တွေကနေ ဖယ်ခွာလိုက်ရတာတွေကလည်း အဲ့ဒါကြောင့်ပဲ။ ဒါပေမဲ့ ဘဝရဲ့ဖြစ်နိူင်ချေဆိုတာကို ယုံကြည်နေသေးတဲ့ငါတို့လိုလူအများရဲ့ရှင်သန်ခြင်းအတွက် ဒါကလည်းလုပ်ကိုလုပ်ရမှာပဲ။ ကြားနေနေရာတွေ၊ အနားသတ်နေရာတွေကလူတွေအတွက် ဘယ်လိုမျိုးနေရာတွေကို သေသေချာချာရည်ရွယ်ချက်ရှိရှိတည်ဆောက်နိူင်မလဲဆိုတာ ငါတွေးနေတာ တော်တော်ကြာပါပြီ။ ငါကိုယ်တိုင်ကိုက ဘေးအပြင်ထုတ်ထားခံရတာကြာပြီလေ။ ငါ့လိုမျိုး ဘေးအပြင်ထုတ်ခံထားရတဲ့သူတွေလည်း အများကြီးပဲ။

အားလုံးဆင်တူတဲ့နိူင်ငံရေးလမ်းစဥ်ကိုတည်ဆောက်ဖို့ ဘာတွေလိုအပ်တာလဲ? ဘယ်သူတွေကိုမမြင်ရအောင် ဖျောက်ဖျက်လိုက်ကြသလဲ?

ကာယပိုင်းအရသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရသော်လည်း‌ကောင်း၊ ရုပ်ဝတ္တုပိုင်းဆိုင်ရာအရသော်လည်းကောင်း မလိုက်နိူင်တော့တာကြောင့် လူတွေနောက်မှာမကျန်နေရစ်ခဲ့အောင် စည်းရုံးဆော်သြရေးအလုပ်တွေရဲ့အရှိန်အဟုန်ကို ဘယ်လိုပြန်လျှော့ကြမလဲ?

ငါတို့ပတ်ဝန်းကျင်ဘယ်နေရာကိုကြည့်လိုက်ကြည့်လိုက် အကျပ်အတည်းတွေချည်းပါပဲ။ ဒါကို ရည်ရွယ်ချက်ရှိရှိတုံ့ပြန်လို့ ရကောင်းရနိူင်သလား? အချိန် (အထူးသဖြင့် အားလပ်ချိန်) ယူလို့ရောရကောင်းရနိူင်သလား? တစ်ခုခုထုတ်လုပ်ဖို့ထက် နားနေခြင်းကနေတဆင့် တောင်းဆိုချက်ပြုလို့ရနိူင်သလား?

အရေးကြီးတယ်ဆိုတာကို သဲနာရီလှည့်သလို ပြဿနာတစ်ခုဖြစ်ခါမှဖြစ်ရောလိုမျိုးမဟုတ်ဘဲ အမြဲဖြစ်နေတဲ့ကိစ္စလို့စဥ်းစားကြည့်ကြရင်ရော? (ကမ္ဘာကြီးပူနွေးလာမှုကို ငါတို့လူသားမျိုးနွယ်တွေရဲ့နောက်ဆုံးဇာတ်သိမ်းခန်းလို့မြင်ယောင်မဲ့အစား ပြင်ဆင်ထားရမဲ့ကိစ္စတစ်ခု၊ နောက်လာမဲ့မျိုးဆက်တွေအတွက် လိုအပ်မဲ့ကိရိယာတွေကိုတည်ဆောက်ထားရမဲ့အကြောင်းရင်းတစ်ခုလို့ စဥ်းစားကြည့်ကြမယ်ဆိုရင်ရော?)

အကျန်းမာအသန်စွမ်းဆုံးသူတွေသာ နောက်ဆုံးပန်းဝင်နိူင်မယ်ဆိုရင် လွတ်မြောက်ရေးဟာဘယ်သူ့အတွက်လဲ?

ပုံ - နှလုံးသားသင်္ကေတနှင့် ရောယှက်ရေးဆွဲထားသောမင်းမဲ့သဘောတရားသင်္ကေတ



bottom of page