top of page
  • Writer's picturemachinthe

သွေးစွန်းနေသော ကျေးဇူးများ

အခုလက်ရှိကာလမှာ ကိုလိုနီစနစ်တွေကို ချွတ်ချတယ် သို့မဟုတ် ဒီကိုလိုနိုက်ဇေးရှင်းအကြောင်း ဆွေးနွေးကြတိုင်း အခြေချကိုလိုနီစနစ်အကြောင်းကို ထည့်မပြောလို့ မရဘူးဆိုတာ ဒီကနေ့ အမေရိကန်နဲ့ ကနေဒါမှာ အကျယ်တဝင့် ကျင်းပကြတဲ့ Thanksgiving ကျေးဇူးတင်ခြင်း အားလပ်ရက်နဲ့ ဆက်စပ်ပြီး စဉ်းစားမိတယ်


ပညာရှင်ရပ်ဝန်းကနေ ကိုလိုနီစနစ်ကို ချွတ်ချဆိုတဲ့ အင်ဒီးဂျနင့်လှုပ်ရှားမှုတွေကို "ဒီဘာသာရပ်၊ ဟိုဘာသာရပ် လေ့လာမှု‌တွေက ကိုလိုနီစနစ်တွေကို ချွတ်ချ" ဆိုပြီး တကယ့် အင်ဒီးဂျနင့်လူမျိုးတွေ ပြောနေတဲ့ Land Back နယ်မြေပြန်ပေးဆိုတဲ့ ကိုလိုနီစနစ်ချွတ်ချမှုအစစ်တွေကို ဝါးမြိုလိုက်ကြတယ် (အမှန်တိုင်း ပြောရရင် ပညာရှင်ရပ်ဝန်းက တကယ် လုပ်တတ်တာဆိုလို့ တကယ့်လူမှုအပြောင်းအလဲရွေ့လျားမှုတွေကို အနာပေါ်ကပ်တဲ့ ပလာစတာသာသာ သာ ဝါးမြို အသွင်ပြောင်းလဲတာပဲ ဖြစ်တယ် အဲ့ဒီ့ထက် ပိုပြီး နေ့စဉ်ဘဝမှာ စိမ့်ဝင်နေတဲ့ စန‌စ်တွေကို ဖြိုချဖျက်ဆီးတာ၊ မေးခွန်းပြန်ထုတ်တာတွေကို လုပ်တတ်တဲ့ ပညာရှင်ဟာ ရှားပါတယ်) ကိုလိုနီစနစ်ကို ချွတ်ချလို့ ဆိုတာတွေမှာ တကယ်တော့ အတိတ်က နယ်မြေကျူးကျော်ခဲ့တဲ့ ကိုလိုနီစနစ်တွေကို ဆိုလိုတာတင်မကဘဲ လက်ရှိတည်ရှိနေဆဲဖြစ်တဲ့ အခြေချကိုလိုနီစနစ်တွေကိုပါ ချွတ်ချရမယ်ဆိုတာပဲ


ကျေးဇူးတင်ခြင်း အားလပ်ရက်ဘက်ကို ပြန်ဆက်ရရင် ဒီအားလပ်ရက်ဟာ အမေရိကန်နဲ့ ကနေဒါမှာ နိူင်ငံတော်အားလပ်ရက်အဖြစ် ‌နှစ်စဉ် နိုဝင်ဘာလနောက်ဆုံးပတ် ကြာသပတေးနေ့တိုင်း လုပ်လေ့ရှိတဲ့ အားလပ်ရက်တစ်ခုဖြစ်တယ် (ကနေဒါမှာတော့ အောက်တိုဘာလဆန်းမှာ ကျင်းပလေ့ရှိတယ်) ဥရောပတိုက်က လူဖြူတွေဟာ အခု အမေရိကန်နဲ့ ကနေဒါဆိုပြီး ဖြစ်လာတဲ့ မြောက်အမေရိကတိုက်ကို စူးစမ်းလေ့လာဖို့ ရောက်ရှိလာပြီး ဒီ‌မြောက်အမေရိကတိုက်မှာ နေထိုင်ကျက်စားနေတဲ့ အင်ဒီးဂျနင့်လူမျိုးစုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရာကနေ အဲ့ဒီ လူမျိုးစုတွေက ခရီးပန်းလာတဲ့ သူတို့ကို "ငြိမ်းချမ်းစွာ" ကြိုဆိုကျွေးမွေးခဲ့တာကြောင့် ကျေးဇူးတင်တဲ့အနေနဲ့ ကြက်ဆင်တွေဖုတ်၊ အစားအသောက်အသီးအနှံအလျှံအပယ်နဲ့ ပြန်လည် ကျေးဇူးတင်ကြောင်း ပြသခဲ့တာကို ကျင်းပတဲ့ အားလပ်ရက်ဖြစ်တယ်လို့ နိူင်ငံတော်အစိုးရက ကျောင်းတွေမှာ သင်ကြားတယ် သာမန်လူတန်းစားကို ပုံပြင်‌တွေ ပြောတယ်


ဒါပေမဲ့ မြောက်အမေရိကတိုက်တခွင်မှာ လက်ရှိ အသက်ရှင်ကျန်နေဆဲဖြစ်တဲ့ အင်ဒီးဂျနင့်လူမျိုးစုတွေကတော့ ဒီပုံပြင်ကို ဝါဒဖြန့် မှိုင်းတိုက် အတုအယောင်ပုံပြင်ပါလို့ ထောက်ပြခဲ့တယ် တကယ်တမ်းက ဥရောပက လူဖြူနယ်ချဲ့တွေဟာ မြောက်အမေရိကတိုက်ကို နယ်မြေကျူးကျော်ဖို့ ရောက်လာရာက အင်ဒီးဂျနင့်လူမျိုးတွေနဲ့ တွေ့တဲ့အခါ သူတို့ရဲ့ tribal soverignties လူမျိုးစု အချုပ်အခြာအာဏာကို လေးစားရမဲ့အစား နယ်မြေရယူဖို့အတွက် အစုလိုက်အပြုံလိုက် မျိုးတုံး သတ်ဖြတ်ခဲ့တယ် စစ်ဆင်ခဲ့တယ် အင်ဒီးဂျနင့်မိန်းမတွေကို အဓ္ဓမမုဒိန်းကျင့်ခဲ့တယ် စစ်ပွဲပြီးလို့ အသက်ရှင်ကျန်နေခဲ့တဲ့ အင်ဒီးဂျနင့်လူမျိုးပေါင်းစုံကို reservation လို့ခေါ်တဲ့ သူတို့ရဲ့ နဂိုကျင်လည်ရာ နယ်မြေတွေနဲ့ လားလားမျှ မဆိုင်တဲ့နေရာတွေမှာ သို့မဟုတ် သူတို့အရင်နေထိုင်ရာနေရာထဲက အကွက်အကွင်းအသေးစားတစ်ခုကိုသာ နယ်မြေအစုအကွက်တွေ သတ်မှတ်ပြီး သူတို့ကို အဲ့ဒီနေရာတွေမှာပဲ နေဖို့ ကန့်သတ်ခဲ့တယ် အဲ့ဒီလို ကန့်သတ်ပြီးနောက် လူဖြူဥရောပသားတွေဟာ မြောက်အမေရိကတိုက်ကို အသုတ်လိုက် အသုတ်လိုက် ရွှေ့ပြောင်းအခြေချဖို့ ရောက်လာခဲ့ကြတယ်


အမေရိကန်နိူင်ငံရေးပြောစကားမှာ ခဏ ခဏကြားလေ့ရှိတာက အမေရိကန်သည် ရွှေ့ပြောင်းအခြေချသူများနဲ့ တည်ဆောက်ထားတဲ့ နိူင်ငံဖြစ်သည် (America is a country of immigrants) ဆိုတဲ့ စကားပါပဲ ဒါပေမဲ့ အမေရိကန်နိူင်ငံရယ်ဆိုပြီး ဖြစ်ပေါ်လာဖို့အတွက် ကနဦး ရွှေ့ပြောင်းအခြေချသူတွေရဲ့ လက်မှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုရဲ့ သွေးတွေ စွန်းနေတယ်ဆိုတာကိုတော့ အမေရိကန်နိူင်ငံရေးပြောစကားတွေနဲ့ အမေရိကန် ဖယ်ဒရယ်နိူင်ငံရေးတည်ဆောက်ပုံတွေကို သရေတမျှားမျှားနဲ့ အားကျကြလေ့ရှိတဲ့ (ကျွန်မတို့ မြန်မာနိူင်ငံက အပါအဝင်) နိူင်ငံရေးသမားတွေရဲ့ ပြောစကားတွေထဲမှာ ပါလေ့မရှိပါဘူး ဒီ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအကြောင်း မသိတာပေပဲလား သိရက်နဲ့ မသိချင်ယောင်ဆောင်ထားတာလား သိပေမဲ့လည်း မော်ဒန်နိူင်ငံတော်တည်ဆောက်ဖို့ လူတွေ အစုလိုက်အပြုံလိုက် သေသင့်ရင် သေရမှာပဲဆိုတဲ့ အယူအဆတွေကြောင့်လားတော့ အဲ့ဒီလူတွေသာ အသိဆုံးဖြစ်ပါလိမ့်မယ်


ဒီလို အင်ဒီးဂျနင့်လူမျိုးစုတွေကို အတင်းအအဓ္ဓမ လူမျိုးတုံးသတ်ဖြတ်ပြီးမှ တည်ထောင်ထားတဲ့ အမေရိကန်နိူင်ငံရဲ့ သမိုင်းကြောင်းအစစ်ကို လိမ်ညာပြီး အတုအယောင်ပုံပြင်တွေနဲ့ နှစ်စဥ်ကျင်းပလေ့ရှိတဲ့ ကျေးဇူးတင်ခြင်း အားလပ်ရက်ကို ကိုလိုနီစနစ်ကို ချွတ်ချခြင်း လှုပ်ရှားမှုတွေကို လှုံ့ဆော်ခဲ့တဲ့ အင်ဒီးဂျနင့်လူမျိုးစုတွေက လက်ရှိမှာ ပြင်းပြင်းထန်ထန် ရှုံ့ချနေဆဲ ဖြစ်တယ် ကနဦး ရွှေ့ပြောင်းအခြေချသူတွေ မဟုတ်ပေမဲ့လည်း နောက်မှ ရောက်ရှိလာကြတဲ့ ရွှေ့ပြောင်းအခြေချသူတွေ၊ နိူင်ငံရေးခိုလှုံသူတွေ အနေနဲ့လည်း အမေရိကန်နိူင်ငံ၊ ကနေဒါနိူင်ငံဆိုပြီး ရှိနေတဲ့ နယ်မြေတွေမှာ နေထိုင်ရင်း အင်ဒီးဂျနင့်လူမျိုးတွေရဲ့ "နယ်မြေပြန်ပေး" (Land Back Movement)အတွက် ဘယ်လို ပါဝင်နေသလဲဆိုတာ အမြဲတစေ စဉ်းစားစရာ ဖြစ်လာတယ်


(အမေရိကန်မှာ နိူင်ငံရေး ခိုလှုံမှု refugee တွေအကြောင်း လေ့လာတဲ့ ဗီယက်နမ် အမေရိကန် လူမှုသိပ္ပံ ပါမောက္ခ ရန်လီ အက်စပရတူကတော့ အမေရိကန်နိူင်ငံဟာ နိူင်ငံရေးခိုလှုံသူတွေကို အမေရိကန်နိူင်ငံရဲ့ တချို့သော နယ်မြေတွေမှာ (အထူးသဖြင့် အမေရိကန်အလယ်က ပြည်နယ်တွေမှာ) နေရာချပေးခြင်းဖြင့် တစ်ဘက်မှာ နိူင်ငံရေး ခိုလှုံသူတွေအတွက် ကယ်တင်ရှင်အသွင်ကို ယူပြီး တစ်ဘက်မှာ‌လည်း တစ်ပြိုင်နက်တည်း နေထိုင်အသက်ရှင်နေဆဲဖြစ်တဲ့ အင်ဒီးဂျနင့်လူမျိုးစုတွေရဲ့ တည်ရှိမှုကို ဖျောက်ဖျက်လိုက်တယ်လို့ ဆိုတယ် အက်စပရတူကိုယ်တိုင်ဟာ အမေရိကန်-ဗီယက်နမ်စစ်ပွဲအပြီးမှာ အမေရိကန်ကို နိူင်ငံရေးခိုလှုံသူအနေနဲ့ ကလေးဘဝကနေ ရောက်ရှိလာခဲ့တာပဲ ဖြစ်တယ်) ဒီလို အမေရိကန်နဲ့ ကနေဒါတို့ရဲ့ သွေးစွန်းနေတဲ့ ကနဦးသမိုင်းကြောင်းကို မျက်ကွယ်ပြုပြီး ရွှေ့ပြောင်းအခြေချသူတွေရဲ့ အထင်ကြီးစိတ်တွေဟာ လက်ရှိ ဖြစ်နေတဲ့ မိခင်တိုင်းပြည်နေသူတွေနဲ့ ဒိုင်ရာစပရာ diaspora လို့ ခေါ်တဲ့ မိခင်တိုင်းပြည်အပြင် (အထူးသဖြင့် ဒီလို အနောက်နိူင်ငံ "အင်အားကြီး လူအထင်ကြီး" နိူင်ငံတွေ) မှာ နေကြတဲ့သူတွေရဲ့ကြားက ပဋိပက္ခ‌အချင်းပွားမှု၊ ဒိုင်ရာစပရာရဲ့ ကယ်တင်ရှင်အသွင် ယူမှုတွေရဲ့ အကြောင်းရင်းခံတွေလို့ ကျွန်မ သုံးသပ်မိတယ် ဒီအကြောင်းကို နောက်မှ သေချာရေးပါဦးမယ်


"အခြေချကိုလိုနီစနစ်ဆိုတာ အခုမှ ကြားဖူးတာပဲ" ကျွန်မအတန်းထဲက ကျောင်းသားတစ်ယောက်က တစ်ခါပြောဖူးတယ် အခုမှ ခေါင်းစဉ်တပ် ကြားဖူးလို့ ဒီကိစ္စဟာ အရင်ကတည်းက ရှိမနေတာတော့ မဟုတ်ပါဘူး ကျွန်မတို့ မြန်မာနိူင်ငံလို နယ်ချဲ့ကျူးကျော်မှု ခံခဲ့ရတဲ့သူတွေအတွက် ကိုလိုနီစနစ်‌ဆိုတာကို ကောင်းကောင်းသိကြတယ် ဒါပေမဲ့ ဗြိတိသျှတွေ ကျွန်မတို့ကို လွတ်လပ်ရေးပေးပြီးနောက် ကိုလိုနီစနစ်၊ ကိုလိုနီခေတ်ဟာ ပြီးဆုံးသွားပြီလို့ အပေါ်ယံမှတ်ယူလိုက်ကြတယ် အမှန်က ခေတ်ဟာ ပြီးဆုံးချင် ပြီးဆုံးသွားပေမဲ့ စနစ်ဟာ ဆက်တည်ရှိနေတယ် ကျွန်မတို့ မျက်စိနဲ့ အတိအလင်း မမြင်ရနေတဲ့ အခြေချကိုလိုနီစနစ်တွေကတော့ ဘယ်လို ဘယ်ပုံရှိနေနိူင်ဦးမလဲ? ခေါင်းစဉ်တပ်ခေါ်ဝေါ်လိုက်ခြင်းအားဖြင့် အပေါ်ယံ သာမန်ကာလျှံကာ ကျော်ကြည့်နေကြတဲ့ ကိစ္စရပ်တစ်ခုကို တိတိလင်းလင်း ဆွေးနွေးလို့ ရလာတယ်


ကိုလိုနီစနစ်ဟာ အင်ပိုင်ယာသခင်က နယ်မြေ လူမျိုးစုတစ်စုဆီကနေ သယံဇာတအရင်းအမြစ်တွေကို ဂုတ်သွေးစုပ်ယူပြီး သူတို့ရဲ့ နိူင်ငံတွေဆီ ပြန်သယ်သွားတာမျိုး ဖြစ်တယ် ဥပမာ - အရှေ့တောင်အာရှကို ဗြိတိသျှ၊ စပိန်၊ ဒတ်ခ်ျ အစရှိတဲ့ ကိုလိုနီနယ်ချဲ့တွေဟာ ဟင်းခတ်မှုန့်အမွှေးနံ့သာတွေ၊ သစ်သား ကျွန်းတောတွေ အစရှိတဲ့ သယံဇာတတွေ ကြိုင်ကြိုင်လှိုင်လှိုင်ထွက်ရှိတဲ့ နေရာတစ်ခုအနေနဲ့ ရှာဖွေတွေ့ရှိပြီး အဲ့ဒီသယံဇာတတွေကို သူတို့နိူင်ငံတွေဆီ ပြန်တင်သွင်းဖို့ အနုနည်းနဲ့သော်လည်းကောင်း၊ အကြမ်းနည်းနဲ့သော်လည်းကောင်း နယ်ချဲ့ခဲ့ကြတာမျိုးပဲ


အခြေချကိုလိုနီစနစ် (Settler Colonialism) ကတော့ အဲ့ဒီ သယံဇာတနဲ့ အရင်းအမြစ်တွေကို သူတို့နိူင်ငံတွေဆီ ပြန်သယ်ယူသွားမဲ့အစား အဲ့ဒီ‌နယ်မြေမှာ အပြီးအခြေချနေထိုင်လိုက်တာမျိုးပဲ ဥပမာ - ဗြိတိန်က အခွန်မတရားပေးဆောင်ရမှုတွေကို ပုန်ကန်တဲ့အနေနဲ့ ဗြိတိသျှတွေဟာ အင်ဒီးဂျနင့်လူမျိုးစုတွေ နေထိုင်တဲ့ မြောက်အမေရိကတိုက်ကို နယ်မြေသစ်ရှာဖွေပြီး အခြေချဖို့ ရောက်လာတာမျိုးပဲ (ဒီနေရာမှာ ကိုယ်ဟာ ဖိနှိပ်ခံခဲ့ရလို့ သူများကို ပြန်ဖိနှိပ်မယ်ဆိုတဲ့ အမြုံစိတ်တွေ ဘယ်လောက်ပါနေမလဲ ကျွန်မ တွေးမိတယ်)


အမေရိကန်နဲ့ ကနေဒါဟာ အခြေချကိုလိုနီစနစ်ကို ဥပမာပေးရာမှာ ကွက်ကွက်ကွင်းကွင်း မြင်ရတဲ့ ဥပမာတစ်ခုဖြစ်ပေမဲ့ အခုနောက်ပိုင်းမှာ အင်ဒီးဂျနင့်ပညာရှင်တွေကိုယ်တိုင်က အာဖရိကတိုက်၊ ဥရောပတိုက်၊ ဩစလေးလျတိုက် (အထူးသဖြင့် လူဖြူတွေ အခြေချနေထိုင်နေတဲ့ တောင်အာဖရိကနိူင်ငံ၊ နယူးဇီလန်နိူင်ငံ၊ ဩစတေးလျနိူင်ငံ) တွေနဲ့ အာရှတိုက်က အခြေချကိုလိုနီစနစ်တွေကိုလည်း စတင်ဝေဖန်ထောက်ပြလာကြပြီ ဖြစ်တယ် ဥပမာ - အစ္စရေးနိူင်ငံဆိုတာဟာ ပါလက်စတိုင်းလူမျိုးတွေရဲ့ နယ်မြေတွေကို ကန့်သတ်နယ်ချဲ့ပြီး အခြေချတည်ဆောက်ထားတဲ့ ကိုလိုနီအခြေချစနစ်တစ်ခု ဖြစ်တယ် မွတ်စလင်လူမျိုးစုအများ‌နေထိုင်တဲ့ ကပ်ရှမီး‌ဒေသကို အိန္ဒိယနိူင်ငံက အခြေချကိုလိုနီပြုထားတယ်ဆိုတာကို ထောက်ပြလာကြတယ် (အသေးစိတ်တွေ ဆက်ဖတ်ချင်ရင် အောက်မှာ လင့်ခ်တွေ ထည့်ပေးထားပါတယ်)


အဲ့တော့ အခြေချကိုလိုနီစနစ်ဆိုတာ အခုခေတ်မှာ သယံဇာတအရင်းအမြစ်တွေကို အမြတ်ထုတ်ဖို့တင်မကဘဲ နိူင်ငံတော်ဆိုတဲ့ မော်ဒန်အစုအစည်းတစ်ခု ဖြစ်တည်ဖို့အတွက် အတင်းကာရော အားကြီးသူက အားနည်းသူ လူနည်းစုကို ဖိနှိပ်ကျုးကျော်နယ်ချဲ့ ခြေကုပ်ယူထားတာကို ဆိုလိုတာပဲလို့ ကျွန်မတို့ သဘော‌ပေါက်ကြည့်လို့ ရတယ်


ပါလက်စတိုင်းလူမျိုး သုတေသနပညာရှင် အဘတ်ဒူလာ မိုးဆွက်ရဲ့ "အခြေချကိုလိုနီစနစ် - လူသားဆန်မှုကနေ ချွတ်ချခြင်းနဲ့ အခွံခွာခြင်း" ဆိုတဲ့ ဆောင်းပါးထဲက အခြေချကိုလိုနီစနစ်ရဲ့ အဓိက သတိပြုသင့်တဲ့ အချက် ၃ ချက်ကို ပြန်မျှဝေချင်တယ်


၁) အခြေချကိုလိုနီစနစ်ဟာ တစ်ခါတည်းသာ ဖြစ်တဲ့ ကိစ္စတစ်ခုမဟုတ်ဘဲ တည်ဆောက်ပုံစနစ်တစ်ခု ဖြစ်တယ်


ဒါကတော့ အခြေချကိုလိုနီစနစ်အဓွန့်ရှည်ဖို့ဆိုတာ စစ်ပွဲတစ်ပွဲတိုက်လိုက်ရုံ၊ လူတစ်အုပ်စုက ရွှေ့ပြောင်းအခြေချလိုက်ရုံနဲ့ ပေါ်ပေါက်လာတာ မဟုတ်လဲ အင်ဒီးဂျနင့်လူမျိုးစုတွေ နေထိုင်ရာ နေရာကို ထပ်တလဲလဲ ကျူးကျော်ရာကနေ သူတို့ရဲ့ နယ်မြေတွေကို သိမ်းပိုက်အခြေချ နေရာယူလိုက်တာမျိုးပဲ ဖြစ်တယ်


၂) အခြေချကိုလိုနီစနစ်မှာ လူတွေကို မျိုးတုံးခြင်း ပါဝင်တယ်


ဒါ‌ကတော့ ကျူးကျော်နယ်ချဲ့ခံရတဲ့သူတွေကို ကျွန်ပြုခိုင်းစေမဲ့အစား (ဒါကတော့ ကိုလိုနီစနစ်က ကျင့်သုံးလေ့ရှိတဲ့ စနစ်တစ်ခုဖြစ်တယ်) တဖြည်းဖြည်းနဲ့ မုဒိန်းကျင့်ခြင်းဖြင့်သော်လည်းကောင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဖြင့်သော်လည်းကောင်း တစ်စစ ကျူပင်ခုတ် ကျူငုတ်ပါမကျန် သုတ်သင် ရှင်းလင်းပြီး အခြေချခြင်း ဖြစ်တယ် ဒီနေရာမှာ ရုပ်ဝတ္တုပိုင်းဆိုင်ရာ သုတ်သင်ခြင်းသာမက စိတ်ပိုင်းဆိုင်ရာ သုတ်သင်ခြင်းတွေပါ ပါတယ် ဥပမာ - ကနေဒါနိူင်ငံမှာ အင်ဒီးဂျနင့်ကလေးတွေကို ဘော်ဒါဆောင်ပို့ပြီး အင်ဒီးဂျနင့်ဓလေ့ထုံးတမ်း ဘာသာစကား အမူအကျင့်တွေကို ဖျောက်ဖျက်ပြီး လူဖြူဓလေ့တွေ သွတ်သွင်းတာမျိုးတွေပဲ


၃) အခြေချကိုလိုနီစနစ်ဟာ အင်ဒီးဂျနင့်လူမျိုးစုတွေကို ကြောက်စရာသဖွယ် အသွင်ပြောင်းလိုက်တယ်


ကျွန်မတို့ ငယ်ငယ်တုန်းက ကြားလေ့ရှိတဲ့ လူရိုင်းဆိုတာ ဘာလဲ? ဘယ်သူတွေကို ခေါ်တာလဲ? ဘာလို့ အနောက်လူဖြူတွေရဲ့ အမူအကျင့်တွေကသာ လူယဉ်ကျေးအပြုအမူတွေကို အမည်တပ်ခံရတာလဲ? အင်ဒီးဂျနင့်လူမျိုးတွေနဲ့ သူတို့တွေရဲ့ ရိုးရာဓလေ့တွေကို ရိုင်းစိုင်းတယ်လို့ သတ်မှတ်လိုက်ခြင်းအားဖြင့် အခြေချကိုလိုနီသမားတွေအတွက် သူတို့ရဲ့ အခြေချကျုးကျော်မှုတွေကို တရားပါတယ်လို့ လိမ်ညာလိုက်ကြတယ် ဒီလူတွေဟာ ဘာမှ မသိ ရိုင်းစိုင်းနေတဲ့အတွက် သူတို့ကို ပြုပြင်ပြောင်းလဲ မော်ဒန်ဆန်ဖို့အတွက် အခြေချကိုလိုနီသမားတွေက လုပ်ပေးမှသာလျှင်ရမယ်လို့ ညာလိုက်ကြတယ်


ဒီအချက်တွေကို ကြည့်ပြီး ကိုလိုနီစနစ်နောက်ပိုင်း ကျွန်မတို့ မြန်မာနိူင်ငံကိုရော ဘယ်နေရာမှာ ဘယ်လို အခြေချကိုလိုနီစနစ်ကို ကျင့်သုံးနေသလဲ စဉ်းစားစရာ ဖြစ်လာတယ် လက်ရှိဖြစ်နေတဲ့ လူမျိုးစု ပဋိပက္ခတွေဟာ ဗြိတိသျှတွေရဲ့ နယ်ချဲ့ကျူးကျော်မှု အမွေအနှစ်တွေလို့ ဆိုလိုရကောင်းရပေမဲ့ တချို့နေရာတွေမှာတော့ မော်ဒန်မြန်မာနိူင်ငံတော်ကတော့ အခြေချကိုလိုနီစနစ်ကို ပြန်ကျင့်သုံးနေသေးသလဲ? ကချင်ပြည်နယ် မြစ်ကြီးနားမှာ စစ်တပ်ကို အသုံးချပြီး စစ်သားနဲ့ မိသားစုတွေကို ရွှေ့ပြောင်းနေရာချပြီး အာဏာကို ထိန်းသိမ်းထားတွေက အိန္ဒိယနိူင်ငံရဲ့ ကပ်ရှမီးကို လက်နက်ကိုင် ထိန်းချုပ်တဲ့ အခြေချကိုလိုနီစနစ်နဲ့ ဘာကွာသလဲ? ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေနဲ့ ရခိုင်တွေကြား နယ်မြေအကြောင်းပြ သွေးထိုး သွေးခွဲတာတွေကရော အစ္စရေးနိူင်ငံရဲ့ ပါလက်စတိုင်းလူမျိုးတွေကို အစီအစဉ်လိုက် ခွဲခြားပြီး နိူင်ငံသားခံစားခွင့်ပေးတာတွေနဲ့ ဘာကွာနေသလဲ? ကော့သူးလေဆိုပြီး ကရင်လူမျိုး‌တွေရဲ့ မိခင်နယ်မြေကို မြန်မာနိူင်ငံတော်ကနေ ဖယ်ခွာဖို့ တောင်းဆို လှုပ်ရှားနေတာတွေကရော အမေရိကန်နဲ့ ကနေဒါက အင်ဒီးဂျနင့်လူမျိုးစုတွေရဲ့ နယ်မြေပြန်ပေးဆိုတဲ့ အရွေ့တွေနဲ့ ဘယ်နေရာမှာ ဆင်တူနေမလဲ?


အတ်ဘဒူလာ မိုးဆွက်က သူ့ဆောင်းပါးထဲမှာ ရေးခဲ့တယ်


"Settler-colonialism does not happen in a vacuum. It is interlinked with other oppressive structures and processes. It uses the same weapons wielded by genocidal autocrats, the same technology used by a surveillance state. It is a paradigm that requires the consent of the powerful and the support of the insecure. The effects of settler-colonialism in Palestine are felt in Ferguson. The effects of settler-colonialism in Kashmir will be felt far beyond its extremities."


"အခြေချကိုလိုနီစနစ်ဟာ တသီးပုဂ္ဂလ ပေါ်ပေါက်လာတာ မဟုတ်ဘူး သူဟာ တခြားသော ဖိနှိပ်မှု စနစ်တွေ၊ ဖြစ်စဉ်တွေနဲ့ ချိတ်ဆက်နေတယ် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်သူ အော်တိုခရပ် အာဏာရှင်တွေနဲ့ အမြဲတစေ‌ စောင့်ကြည့်နေတဲ့ နိူင်ငံရဲ့ လက်ထဲက အာဏာနည်းပညာတွေကို အားကိုးနေတယ် အခြေချကိုလိုနီစနစ်ဟာ သူ့ရဲ့ အင်အားပိုမိုကြီးမားဖို့ အင်အားကြီးသူတွေရဲ့ သဘောတူညီမှုကို လက်ခံပြီး အားနည်းသူတွေရဲ့ မလုံခြုံမှုတွေကနေတဆင့် ပေါ်ပေါက်လာတဲ့ လက်သင့်ခံမှုတွေကို လိုအပ်နေတယ် ပါလက်စတိုင်းက အခြေချကိုလိုနီစနစ်‌ရဲ့ သက်ရောက်မှုတွေကို [အမေရိကန်က ရဲတွေရဲ့ မတရားသတ်ဖြတ်မှုကို ခံခဲ့ရတဲ့ လူမည်း] ဖာဂူဆန်ကိစ္စမှာ တွေ့ရနိူင်သလို ကပ်ရှမီးရဲ့ အခြေချကိုလိုနီစနစ်ကို သူရဲ့ နယ်မြေစွန်းတစ်ဘက်ခြမ်းတွေမှာပါ ခံစားရနိူင်တယ်"


အတ်ဘဒူလာ မိုးဆွက်ရဲ့ အာဘော်ဟာ လက်ရှိ မော်ဒန်နိူင်ငံတွေပေါ်မှာ အခြေတည်ထားတဲ့ အခြေချကိုလိုနီစနစ်ကို မေးခွန်းထုတ်လာစေတယ် အထက်က ရေးခဲ့သလို အမေရိကန်လို၊ ကနေဒါလို၊ ဩစတေးလျနိူင်ငံလို အခြေချကိုလိုနီနိူင်ငံတွေရဲ့ နိူင်ငံရေးခိုလှုံခွင့်၊ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေရဲ့ ဘဝတွေဟာ ထပ်တလဲလဲ တည်ရှိနေတဲ့ အခြေချကိုလိုနီစနစ်ကို ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ၊ ဖိနှိပ်ခံတွေရဲ့ စိတ်မလုံခြုံမှုကနေ လက်သင့်ခံနေသေးသရွေ့ ပြန်အားမွေးပေးနေတယ်ဆိုတာ သိသာလာတယ်


ဒီနှစ် ကျေးဇူးတင်ခြင်း အားလပ်ရက်ကို ဘုမသိ ဘမသိ ကျင်းပနေကြတဲ့ ရွှေ့ပြောင်းအခြေချ မြန်မာတွေ အပါအဝင် လူဖြူအမေရိကန်တွေရဲ့ မျက်နှာတွေ၊ အမေကျော် ဒွေးတော်လွမ်းပြီး တစ်ချိန်က ဖိနှိပ်ခံတွေဖြစ်ခဲ့သူ‌တွေက တစ်ဖန် ဖိနှိပ်မှုစနစ်တွေကို ပြန်မြုံအားကိုးကျင့်သုံးချင်ကြတဲ့သူတွေရဲ့ အရှက်မရှိမျက်နှာ‌တွေကို တင်္ဒဂ လှောင်ပြောင်ရယ်မောရင်း ကိုလိုနီစနစ်ကို ချွတ်ချလို့ ဆိုတာဟာ အရင်အတိတ်က နယ်ချဲ့ကျုးကျော်မှုတစ်ခုကို ဦးတည်တန်ပြန်နေတာထက် လက်ရှိတည်ရှိနေဆဲ ဖြစ်တဲ့ အခြေချကိုလိုနီစနစ်တွေကိုပါ ဆိုလိုတယ်ဆိုတာကို ကျွန်မ တစ်သက်စာ အောက်မေ့ဆင်ခြင်မိတယ်


အိန္ဒိယနိူင်ငံရဲ့ ကပ်ရှမီးဒေသက အခြေချကိုလိုနီစနစ်‌အကြောင်း

https://standwithkashmir.medium.com/indias-10-steps-to-settler-colonialism-in-kashmir-62b535c2fa73


Let's Talk Palestine Instagram Account က ရေးသားတဲ့ ပါလက်စတိုင်း အပါထိုင်း (လူမျိုးရေး ခွဲခြားမှု) အကြောင်းမိတ်ဆက်

https://www.instagram.com/p/CRRck70tLNE/?igshid=YmMyMTA2M2Y%3D&fbclid=IwAR11AGjVM5MCCT3Ql_W7kGWCnEd3l-Sx6WRFBX98Y4dnb_5JAeCOVhcwZ-A


အတ်ဘဒူလာ မိုးဆွက်ရဲ့ "အခြေချကိုလိုနီစနစ် - လူသားဆန်မှုကနေ ချွတ်ချခြင်းနဲ့ အခွံခွာခြင်း" ဆောင်းပါး

https://standwithkashmir.org/settler-colonialism-a-process-of-dehumanization-and-evisceration/?fbclid=IwAR11AGjVM5MCCT3Ql_W7kGWCnEd3l-Sx6WRFBX98Y4dnb_5JAeCOVhcwZ-A


ပုံ - မြောက်အမေရိကတိုက်မှ ကျေးဇူးတင်ခြင်း အားလပ်ရက်ပုံပြင်ကို ချေပထားသော ပုံကို အင်ဒီးဂျနင့်လူမျိုးစုတစ်စု ဖြစ်တဲ့ လက်ကိုတာ လူမျိုးစုရဲ့ လက်ကိုတာလူမျိူးများ၏ ဥပဒေပရောဂျက် Instagram မှ ကူးယူဖော်ပြပါတယ်



bottom of page