top of page
  • Writer's picturemachinthe

အပြောတစ်မျိုး အလုပ်တစ်မျိုး

ကျွန်မ တူမလေးနဲ့ မနက်က စကားပြောဖြစ်ရင်း လူတွေအကြောင်း ပြောရာကနေ တချို့သော အပြောတစ်လုပ် အလုပ်တစ်လုပ် လုပ်ကြတဲ့လူတွေအကြောင်း ရောက်သွားတယ် ကျွန်မကပဲ ခေါင်းမာတာလားတော့ မသိ၊ အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်တတ်တဲ့သူတွေ ကျွန်မနဲ့ စိတ်အစပ်အဟပ် သိပ်တည့်လေ့ မရှိဘူး


လူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် တစ်ခါတစ်လေ ပြောတော့ တစ်မျိုး လုပ်တော့တစ်မျိုးတွေ လုပ်ရလေ့ရှိတယ်ဆိုတာ ကျွန်မ သဘောပေါက်ပါတယ် ကျွန်မတို့ မြန်မာနိူင်ငံလို ဖိနှိပ်မှုဆိုတာ စနစ်တကျ ပေါ်ပေါ်ထင်ထင်‌ရှိနေတဲ့ နေရာမှာ တစ်ခါတစ်လေ အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်မှ အဆင်ပြေတာတွေ ရှိတယ်ဆိုတာ ကျွန်မ နားလည်ပါတယ် ဒီနေရာမှာ ကျွန်မပြောချင်တဲ့ အပြောတစ်မျိုးအလုပ်တစ်မျိုးနဲ့ ဒီဟာကတော့ မတူပါဘူး


ကျွန်မစိတ်ထဲမှာ လူဆိုတာဟာ ကိုယ့်အတွက်ကိုယ် သတ်မှတ်ထားတဲ့ ကျင့်ဝတ်သိက္ခာတစ်ခုဆိုတာ ရှိသင့်တယ်လို့ ကျွန်မ ထင်တယ် ဒီကျင့်ဝတ်သိက္ခာနဲ့ လုံးဝဥဿုံမဟုတ်ရင်တောင်မှ အတတ်နိူင်ဆုံး ကိုက်ညီအောင် နေထိုင်ဖို့ ကြိုးစားသင့်တယ်လို့ ထင်တယ် မကိုက်ညီတဲ့အခါတွေမှာလည်း ပွင့်လင်းစွာ ဝန်ခံနိူင်ရမယ် အဲ့ဒီ ကျင့်ဝတ်သိက္ခာဆိုတာကလည်း အမြဲတမ်းကောင်းချင်မှလည်း ကောင်းပါ့မယ် တချို့လူတွေအတွက်တော့ စီးပွားရေးအတွက် စစ်တပ်လည်း ဘောမမယ်၊ လသာတုန်း ဗိုင်းငင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာလည်း သူတို့အတွက်တော့ သူတို့ အဖြေထုတ်ထားတဲ့ ကျင့်ဝတ်သိက္ခာတစ်ခုပဲ မဟုတ်လား ဒီနေရာမှာ ကျွန်မ ပြောချင်တာက cognitive dissonance လို့ခေါ်တဲ့ စိတ်အာရုံပိုင်းအရ ကိုယ့်ကိုကိုယ်ရော ကိုယ်နဲ့ ပေါင်းသင်းဆက်ဆံသူတွေအတွက်ပါ ပြန်စပ်ဟပ်လို့မရဘဲ ဗျာများနေတဲ့ လူမျိုးပေါ့


အဲ့ဒီလို လူမျိုးတွေဟာ တစ်ခါတစ်လေ သူတို့ကိုယ် သူတို့ ဖီမီနင့်ပါ၊ စစ်တပ်ဆန့်ကျင့်သူပါ၊ ဖက်ဆစ်စနစ် ဆန့်ကျင့်သူပါ ဆိုချင်ဆိုကြမယ် ပြီးတော့ တကယ်တမ်း အလုပ်ရယ်လုပ်တော့ ဒီစနစ်၊ ဒီဝါဒတွေကို မတွန်းလှန်နိူင်ဘူး၊ တွန်းလှန်နိူင်သင့်သလောက် တွန်းလှန်ဖို့လည်း မကြိုးစားဘူး မတွန်းလှန်နိူင်တာကိုလည်း တွန်းလှန်သယောင် ရောချတယ် ဒါမှမဟုတ်လည်း ဘေးခဏဖယ်ထားဖို့ စဉ်းစားတယ် အဲ့ဒီလို လူမျိုးတွေနဲ့ ကြုံရတဲ့အခါ ကျွန်မမှာ cognitive dissonance တစ်ခု ခံစားရလို့ အဆင်မပြေဘူး


ဥပမာတစ်ခုအနေနဲ့ ပေးရရင် အကယ်ဒါးမီးယားထဲက သူတွေ၊ သူတို့ကိုယ် သူတို့ တတ်သိပညာရှင်တွေပါလို့ လက်ခံထားတဲ့သူတွေကိုပဲ ပြန်ပြရမယ် ဒီ ပညာရှင်တော်တော်များများဟာ စာတွေရေးတယ် ဖီမီနင့်ဇင်တွေ ပါချင်ပါမယ်၊ ကိုလိုနီစနစ် ချွတ်ချတာတွေ ပါချင်ပါမယ်၊ ဖက်ဆစ်စနစ်တော်လှန်တာတွေ ပါချင်ပါမယ်၊ လိင်အခြေပြု ခွဲခြားဆက်ဆံ အကြမ်းဖက်တာတွေကို သုတေသနခေါင်းစီးတစ်ခုလို ရေးတာတွေ ပါချင်ပါမယ် ဒါပေမဲ့ တကယ်တမ်း သူတို့ရဲ့ လက်ရှိ စာတမ်းတွေအပြင်က ဘဝမှာတော့ ဒီအတွေးအခေါ်တွေကို တကယ်တမ်း မျက်ဝါးထင်ထင်တွေ့လာရတဲ့အခါ ပြန်လည် မကျင့်သုံးနိူင်ကြဘူး ကိုလိုနီစနစ်ကို ချွတ်ချခြင်းအကြောင်းရေးပြီး ကိုယ်ကိုယ်တိုင်ကျတော့ ကိုလိုနီဆန်တဲ့ နေထိုင်မှုမျိုး ပြန်ကျင့်သုံးနေကြတုန်းပဲ ဖီမီနင့်ဇင်စကားပြောပြီး ပူစီတွေ ပိပိတွေမှာတင် ရှေ့ဆက်မတက်နိူင်ကြသေးဘူး ပြည်ပမှာ ရောက်နေပြီး ပြည်တွင်းထဲကသူတွေ ပြည်ပမထွက်သင့်ဘူးဆိုတဲ့စကားမျိုးတွေ ပြောနေကြတုန်းပဲ


လွန်ခဲ့သော ၂ နှစ်လောက်က ဟားဗတ်တက္ကသိုလ်ရဲ့ မနုဿဗေဒပညာရှင် ပါမောက္ခ ဂျွန်ကမ်မရအော့ဖ်ဟာ သူ့ရဲ့ ပါရဂူတန်းကျောင်းသူ ၃ ယောက်ကို လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတယ် အဲ့ဒီကိစ္စကိုလည်း အနောက်နိူင်ငံ အကယ်ဒါးမီးယားက ပါမောက္ခပေါင်းစုံဟာ မယုံခဲ့ကြဘူး မယုံတဲ့အပြင် သူ့ကို ဟားဗတ်က ခဏတာ လစပေးပြီး ကျောင်းကနေ နားခိုင်းတာကိုတောင် ထောက်ပံ့စာတွေ လက်မှတ်ထိုးပြီး ဆန္ဒတွေပြခဲ့ကြတယ် (ဒီထဲမှာ နာမည်ကြီးတဲ့ ကျွန်မ ကြိုက်နှစ်သက်ခဲ့တဲ့ ဖီမီနင့်မနုဿဗေဒပညာရှင်တွေပါ ပါခဲ့ကြတယ်) ကမ်မရအော့ဖ်ဟာ Post colonial theory ကိုလိုနီနောက်ပိုင်း သီအိုရီတွေကို တောင်အာဖရိကနိူင်ငံကို အခြေပြုပြီးလေ့လာခဲ့တာဖြစ်ပြီး သူနဲ့ သူ့မိန်းမ မနုဿဗေဒပညာရှင် ပါမောက္ခ ဂျိန်းကမ်မရအော့ဖ်ဟာ မနုဿဗေဒဘာသာရပ်တစ်ခွင်မှာ နာမည်ကျော်ကြားခဲ့တဲ့သူတွေ ဖြစ်တယ် အဲ့ဒီတော့ သူတို့ရဲ့ ပညာရှင် အရှိန်အဝါနဲ့ လိင်အခြေပြုအကြမ်းဖက်ခံရတဲ့ ကျောင်းသူတွေရဲ့ အော်သံတွေကို ပညာရှင်တွေဟာ ၂ နှစ်လောက် နားပိတ်ထားခဲ့ကြတယ် ကျွန်မနဲ့ ခဏတာ ခင်ခဲ့တဲ့ အီတလီလူမျိုး မနုဿဗေဒပညာရှင် အမျိုးသမီးက ကျွန်မကို ပြောခဲ့တယ် ဘာလို့ ဒီကိစ္စကို စကားထဲ ထည့်ပြောနေတာလဲ ဒါတွေဟာ သူရဲ့ ပုဂ္ဂိုလ်ရေး politics တွေပဲ သူ့ရဲ့ သီအိုရီပညာထုတ်လုပ်မှုကိုပဲ စဉ်းစားလို့ မရဘူးလားလို့ ကျွန်မကို ပြန်မေးခွန်းထုတ်ခဲ့တယ် ဒီနေရာမှာ လူတစ်ယောက်ရဲ့ ပညာထုတ်လုပ်မှု (သို့) အလုပ်လုပ်ကိုင်မှုနဲ့ သူရဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေကို ကျွန်မတို့ ခွဲခြားသင့်သလား ပြန်တွေးကြည့်ရမယ် (ကျွန်မအတွက်ကတော့ ခွဲတွေးလို့ မရပါဘူး အခုလက်ရှိတော့ ကမ်မရအော့ဖ်ဟာ အမှုရင်ဆိုင်နေရပြီး ‌ဟားဗတ် မနုဿဗေဒဌာနကနေ ခဏနားနေရပါတယ်)


ဖီမီနင့်ဇင်ဆိုတာကို ပညာရှင်သီအိုရီတစ်ခုအနေထက် ဘဝနေထိုင်မှုနည်းနာလို့ လက်ခံထားတဲ့ ကျွန်မအတွက်ကတော့ ပုဂ္ဂိုလ်ရေးဟာ နိူင်ငံရေးလို့ လက်ခံတယ် အဲ့ဒါကြောင့် လူတစ်ယောက်ချင်းစီရဲ့ အိမ်တွင်းရေးဆိုတာ အရင်းရှင်စနစ်ခေတ်မှာတော့ နိူင်ငံရေးတိုင်းပြည်ဆိုတာနဲ့ မျက်စိနဲ့ မမြင်သာရင်တောင်မှ အမြဲပတ်သက်နေတယ်လို့ ခံယူတယ် သေချာရှင်းအောင် ပြောရရင် အခုခေတ်ကာလ စစ်တပ်က ဖျက်တဲ့ မီးကြောင့် တစ်နေ့စာ စားဖို့ ထမင်းချက်ရတဲ့ နေရာမှာတောင် မီးလာမှ ချက်လို့ ရတယ် ကျွန်မ တူမလေးပြောသလို ချက်နေတုန်းတန်းလန်း မီးပျက်လို့ ဒီထမင်းကို ဂတ်စ်ဘူးနဲ့ ချက်ရတာမျိုး ရှိမယ် ကျွန်မတို့နိူင်ငံက ထမင်းရဲ့ အပျော့အမာဟာ စစ်တပ်ရဲ့ မီးလာချိန် ဖျက်ချိန်တွေရဲ့ ဆုံးဖြတ်ပေးမှုကြောင့် ဖြစ်နေတယ် ဒီနေရာမှာ အိမ်တွင်းထဲက အခြေခံအကျဆုံးဖြစ်တဲ့ လူတိုင်းစားဖို့ ထမင်းဟာ မီးလာသလား ပျက်သလား စစ်တပ်ရဲ့ နိူင်ငံရေးနဲ့ တိုက်ရိုက်ပတ်သက်နေတယ် မဟုတ်လား ဒါကို မြင်အောင် သုံးသပ်တာဟာ ကျွန်မအတွက်တော့ ဖီမီနင့်အမြင်ပဲ


အဲ့ဒီတော့ ဒီပညာရှင်ကိစ္စပြန်ကောက်ရရင် တချို့လူတွေ အထူးသဖြင့် ကျွန်မတို့ လူမှုအသိုင်းအဝိုင်းရဲ့ အစွန်အဖျားက လူတွေ ဖြစ်တဲ့ ပညာရှင်တွေရဲ့ ‌အပြောတစ်မျိုး အလုပ်တစ်မျိုးတွေဟာ ဟားတိုက်ရယ်စရာတွေလို့ ကျွန်မ ထင်တယ် (ဒါက သမိုင်းကြောင်းအရပြောတာပါ ခုခေတ်နောက်ပိုင်းတော့ အနောက်နိူင်ငံလို တချို့ နိူင်ငံတွေမှာ ပညာရှင်ဆိုတာ ရေပေါ်ဆီလူတန်းစားတစ်မျိုးပါပဲ မြန်မာပြည်မှာတော့ ပညာရှင်ဆိုတာ တွေးခေါ်နိူင်တဲ့သူ‌ဆိုတာ ချောင်ထိုးထားခံရဆဲ ဖြစ်တဲ့အတွက် လူမှုအသိုင်းအဝိုင်းရဲ့ အစွန်အဖျားကသူတွေဖြစ်‌နေဆဲပါပဲ)


မြန်မာစကားမှာ ပြောလေ့ရှိတဲ့ ပါးစပ်က ဘုရားဘုရား လက်က ကားယားကားယားလုပ်တဲ့သူတွေနဲ့ ကျွန်မနဲ့ အစီးမကပ်တာ မှန်ပေမဲ့ ဒီနေရာမှာ လူတွေဟာ တစ်ခါတစ်လေ ဒွိဟတွေနဲ့ နေရတယ်ဆိုတာ ကျွန်မ တစ်ပြိုင်နက်တည်း နားလည်ပါတယ် လောကဆိုတာ အမှန်တကယ်က ဒွိဟတွေ များပါတယ် လူတစ်ယောက်ရဲ့ သက်တမ်းတစ်ခုမှာ ဒါလည်း ဖြစ်နိူင်တယ် ဟိုဟာလည်း ဖြစ်နိူင်တယ် ဒါကို လက်မခံနိူင်တဲ့သူတွေအဖို့တော့ ဘောင်ခတ်ချင်တယ် ဘောင်ထဲက ထွက်ချင်လာသလိုလိုရှိရင် အပြောတစ်မျိုး အလုပ်တစ်မျိုးနဲ့ ပြန်ဖာကြရတယ် လောကထဲက ဒွိဟတွေဆိုတာက ဥပမာ အရင်းရှင်စနစ်အောက်မှာ နေနေရဆဲလူတွေအတွက် ပိုက်ဆံဆိုတာ၊ လုပ်အားဆိုတာကို မေးခွန်းထုတ်နေပေမဲ့ ကိုယ်ကိုယ်တိုင် အလုပ်လုပ် ပိုက်ဆံရှာနေရတုန်း၊ အမေရိကန်လို ကနေဒါလို အခြေချကိုလိုနီနိူင်ငံတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့နေထိုင်ကြရင်း အခြေချကိုလိုနီစနစ်မှာ လက်တွေ့ ပါဝင်နေရတဲ့လူမျိုး၊ ဖီမီနင့်ဇင်ဆိုတာကို စိတ်ဝင်စားလက်ခံကျင့်သုံးပေမဲ့ အိမ်ထောင်သားမွေးအလုပ်ဆိုတာကို အကြောင်းအမျိုးမျိုးကြောင့် ရွေးချယ်လုပ်ကိုင်နေတဲ့သူမျိုး (ကျွန်မအတွက်ကတော့ ဖီမီနင့်ဇင်ဟာ အိမ်ထောင်သားမွေးမှုနဲ့ ဆန့်မကျင်နေပါဘူး) တွေလည်း ရှိတယ်ဆိုတာ ကျွန်မ သဘောပေါက်တယ်


ဒီနေရာမှာ အပြောတစ်မျိုး အလုပ်တစ်မျိုးလုပ်တဲ့သူတွေနဲ့ ဒီဒွိဟတွေနဲ့ နေထိုင်သူတွေ ဘာကွာသလဲဆိုတော့ သူတို့ရဲ့ ဒွိဟဆန်တဲ့ ဘဝတွေကို ဒီလူတွေက သဘောပေါက်တယ် ဘာကြောင့်လည်း ဒီလိုနေနေရလဲဆိုတာ နားလည်တယ် စနစ်တွေရဲ့ ဖိနှိပ်မှုဟာ ကြီးစိုးလွန်းလို့ ပျော်ရွှင်စရာဆိုတာ အချိန်ပိုင်းမျှဆိုရင်တောင်မှ တန်ဖိုးရှိတယ်ဆိုတာ ဒီလူတွေ သဘောပေါက်တယ်လို့ ကျွန်မ မြင်တယ် ဥပမာ အမေရိကန်က လူမည်းအမျိုးသမီးတွေ ဦးဆောင်တဲ့ ရပ်ရွာပတ်ဝန်းကျင်အဖွဲ့အစည်းတွေဟာ သူတို့ကိုယ်တိုင် အခြေချကိုလိုနီစနစ်မှာ ပါဝင်နေတာကို နားလည်သလို တစ်ချိန်တည်းမှာလည်း လူဖြူကြီးစိုးရေးဟာ အခြေချကိုလိုနီစနစ်အပြင်မှာပါ ပျံ့နက်နေတယ်ဆိုတာ နားလည်တယ် အရင်းရှင်စနစ်ဟာ ကြီးထွားနေတယ်ဆိုတာ နားလည်ပေမဲ့ mutual aid လို့ ခေါ်တဲ့ လိုရင်ယူ ပိုရင်လှူစနစ်တွေဟာလည်း အရင်းရှင်စနစ်ကို နည်းနည်းချင်းစီ ဖျက်ဆီးနေလို့ တာသွားတယ်၊ လူမည်းတွေ လူညိုတွေရဲ့ လုပ်အားတွေကို စနစ်တကျ ငွေကြေးနဲ့ အသိအမှတ်ပြုသင့်တယ်ဆိုတာ နားလည်ကြတယ် ဒီလိုလူတွေဟာ လောကထဲက ဒွိဟတွေနဲ့ သင့်တင့်အောင်နေနိူင်ကြတယ် နေတတ်ကြတယ် နေတတ်ဖို့လည်း ကြိုးစားနေကြတယ် ဒါတွေကို ဟိုလူနဲ့ တွေ့ရင်တစ်မျိုး ဒီလူနဲ့တွေ့ရင်တစ်မျိုး ဖုံးဖိဖို့ မကြိုးစားကြဘူး


အပြောတစ်မျိုး အလုပ်တစ်မျိုးလုပ်တဲ့သူတွေကတော့ ဒီလိုလုပ်နေရတာကိုက ကျီးလန့်စာစာလုပ်နေကြရတယ် သူတို့ရဲ့ ကျင့်ဝတ်သိက္ခာဆိုတာကို (ရှိရင်တောင်မှ) ပေါ်ပေါ်ထင်ထင် မပြရဲကြဘူး ပွင့်ပွင့်လင်းလင်း မဆွေးနွေးရဲကြဘူး မချပြရဲကြဘူး ဘာလို့လဲဆိုတော့ ဝေဖန်ခံရမှာကြောက်လို့ အပြောမလွတ်မှာ ကြောက်လို့ ဒီကွေ့မှာ ဒီတက် ဟိုကွေ့မှာ ဟိုတက်တွေနဲ့ လှော်နေကြရတယ် ဒွိဟတွေကြားမှာ သူတို့အတွက် တစ်ခုပဲ ရွေးလို့ရတယ်လို့ သူတို့ ထင်ကြတယ် လူဆိုတာ ဒါမျိုးပဲ ဖြစ်ရမယ်၊ ဒီအလုပ်လုပ်ရင် ဒီလိုပဲ ဖြစ်ရမယ်လို့ သူတို့ ယုံကြည်ကြတယ် သူတို့ဟာ ဘဝကို ကိုယ်ယုံကြည်ရာ ဒွိဟတွေကြားကနေ ကျင့်ဝတ်သိက္ခာနဲ့ နေနိူင်ကြတဲ့သူတွေကို တိတ်တခိုး အားကျနေလေ့ရှိကြတယ်


အမှန်တကယ်တော့ ပါးစပ်က ဘုရားဘုရား လက်က ကားယားကားယားလုပ်တတ်တဲ့သူတွေဟာ သူတို့ရဲ့ ဖြစ်တည်မှုတွေထဲက ဖိနှိပ်ခံရမှုတွေ၊ သူတို့က ပြန်ဖိနှိပ်နေမှုတွေကို လက်သင့်မခံနိူင်တဲ့သူတွေပဲ လူရယ်လို့ ဖြစ်လာရင် တွေ့ကြုံရတဲ့ ဒွိဟတွေနဲ့ ဒွိဟတွေကြားက တည်ရှိမှုတွေကို လက်သင့်မခံနိူင်ကြဘဲ အတင်းကာရော ဘောင်ခတ်ဖို့ ကြိုးစားကြတဲ့သူတွေပဲ ဒီလို ကြိုးစားရင်း တကယ်တမ်းက ဘယ်သူကမှ မစိုးမိုးနိူင်တဲ့ သူတို့ရဲ့ စိတ်တွေကို သူတို့ ပြန်အကျဉ်းချ‌နေကြတယ်လို့ ကျွန်မ ထင်တယ်


ဂျွန်ကမ်မရအော့ဖ်ရဲ့ လိင်ပိုင်းဆိုင်ရာ နှောက့်ယှက်မှုအကြောင်း ဖတ်ရန်

https://www.thecrimson.com/article/2022/1/21/comaroff-unpaid-leave/?fbclid=IwAR1XtN18MxnVGjV__7Ufi9INc1ynJUV-32l4YpaBuRAZuBr5BwOaQE7wbVk


ပုံ - သီပေါမြို့တစ်နေရာက ထမင်းဆိုင်တစ်ဆိုင်၏ အဝင်ဝတွင် ချိတ်ဆွဲထားသော ရွှေရောင် ဇီးကွက်လေး နှစ်ကောင်



bottom of page