top of page
  • Writer's picturemachinthe

အသတ်ခံလိုက်ရသော တက်ကြွလှုပ်ရှားမှုများ

အရင်းရှင်စနစ်အောက်မှာတော့ တက်ကြွလှုပ်ရှားသူနဲ့ တက်ကြွလှုပ်ရှားခြင်းတွေဟာ ပိုက်ဆံရှာဖို့အတွက် အသက်‌မွေးဝမ်းကျောင်း အလုပ်တွေ ဖြစ်လာတယ်


ဟိုးတစ်ပတ်ထဲက အနောက်မီဒီယာတစ်ခုက Instagram ပေါ်မှာတင်လိုက်တဲ့ "မြန်မာပြည်မှ သင် follow လုပ်ထားသင့်သော ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီး ၉ ဦး" ဆိုတဲ့ ပို့စ်တစ်ခု တွေ့လိုက်တယ် ဒါနဲ့ ဝင်ကြည့်တော့ ပြည်ပရောက် အနောက်ရောက် နိူင်ငံတကာမှာ ဝင်ဆန့်တဲ့ နာမည်ကြီး တက်ကြွလှုပ်ရှားသူတွေ ဖြစ်နေတာ တွေ့ရတယ် ဒီနေရာမှာ ဒီပို့စ်ကို ထောက်ပြရတာ အဲ့ဒီ စာရင်းထဲမှာပါတဲ့ သူတွေကို ကိုယ်ရေးကိုယ်တာ တိုက်ခိုက်ချင်လို့ မဟုတ်ဘဲ ကမ္ဘ့ာအလယ်မှာ နာမည်ကြီးသူ အသိအမှတ်ပြုခံရသူ တက်ကြွလှုပ်ရှားသူဆိုပြီး ဖြစ်ဖို့ဆိုတာ တချို့သော အရင်းရှင်စနစ်နဲ့ အနောက် အမေရိကန် အင်ပိုင်ယာစနစ်နဲ့ ဘောင်ဝင်မှသာ ဖြစ်နိူင်တယ်ဆိုတာ ထောက်ပြချင်လို့သာ ဖြစ်တယ်ဆိုတာ ကြိုတင် စကားခံချင်တယ်


အရင်းရှင်စနစ်အောက်မှာ ဘောင်ဝင်ဖို့ဆိုတာက အရာအားလုံးကို အရင်းအမြတ်ဖြတ်လို့ရတဲ့ လုပ်အားအဖြစ် အသွင်သဏ္ဍာန်ပြောင်းရခြင်းကို ပြောချင်တာ ဖြစ်တယ် ဥပမာ - ဖိနှိပ်မှုစနစ်တွေ ဖြစ်တဲ့ စစ်အာဏာရှင်စနစ်တို့၊ လူမျိုးရေးခွဲခြားရေးတို့၊ ဂျန်ဒါခွဲခြားရေးတို့ အစရှိတာတွေကို ပုန်ကန်တာတွေဟာ စနစ်ရဲ့ ဝါးမျိုမှုကိုပဲ ပြန်ခံရပြီး ငွေကြေးအမြတ်ထုတ်လို့ရတဲ့ တက်ကြွလှုပ်ရှားမှု ဈေးကွက်စီးပွားရေးကြီး ဖြစ်လာတယ် ဒီလိုမျိုးတွေကို တော်လှန်နေပါတယ် ခေါင်းစဉ်တပ်ပြီး စနစ်ထဲ ပြန်လည်ပတ်ဖို့ ငွေပြန်ရှာလို့ ရလာတယ် အနောက်က ပေးတဲ့ စကောလားရှစ်တွေ၊ နိူင်ငံရေး ခိုလှုံခွင့်တွေအတွက် မျက်ရည်ခံထိုးစရာ ပုံပြင်တွေ ဖြစ်လာတယ်


ကျွန်မ ဒီလို ဝေဖန်တာ အဲ့ဒီလို အရင်းရှင်စနစ်ရဲ့ တက်ကြွလှုပ်ရှားမှုတွေကို ငါးကြင်းဆီနဲ့ ငါးကြင်းကြော်မှုတွေကို အကြောင်းအမျိုးမျိုးကြောင့် မျောပါသွားရတဲ့ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ရှုပ်ထွေးလှတဲ့ ဘဝနောက်ခံအကြောင်းရင်းတွေကို အသေးစိတ် ဝေဖန်တာထက် အရင်းရှင်စနစ်နှောင်းပိုင်းကာလရဲ့ ရေစီးကြောင်းမှာ တက်ကြွလှုပ်ရှားမှု ပုန်ကန်မှုတွေဟာ ကျော်ထွက်ဖို့ ကြိုးစားရင်း ဘယ်လို ပြန်ပြန်မြုပ်သွားသလဲဆိုတာကို ထောက်ပြချင်တာပဲ ဖြစ်တယ်


အရင်းရှင်စနစ်ဟာ သူတို့ရဲ့ ပလက်ဖောင်းတွေကို အသုံးချပြီး တက်ကြွကြသူတွေကို မျက်နှာသာ ပိုပေးတယ် ဥပမာ - တက်ကြွလှုပ်ရှားမှုတွေဟာ အခုခေတ်မှာ ဆိုရှယ်မီဒီယာပေါ် ရောက်လာမှသာ တက်ကြွလှုပ်ရှားမှုလို့ အမည်တွင်လာတယ် တက်ကြွလှုပ်ရှားသူတစ်ယောက်ဟာ ကိုယ်ပိုင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုပေါ်ကနေ ကိုယ်ပိုင် brand တစ်ခုကို မတည်ဆောက်နိူင်/တတ်ရင် သူဟာ တက်ကြွလှုပ်ရှားသူလို့ အများရဲ့ အမြင်မှာ အထင်မခံရဘူး အဲ့ဒါကြောင့်လည်း အထက်ကပြောခဲ့တဲ့ ပို့စ်ဟာ follow လုပ်သင့်သော တက်ကြွလှုပ်ရှားသူများဆိုပြီး ဆိုရှယ်မီဒီယာပေါ်က branded activism (တံဆိပ်ကပ် တက်ကြွလှုပ်ရှားမှု) ကို နေရာပြန်ပေးတယ်


အဲ့ဒီတော့ ဆိုရှယ်မီဒီယာ တံဆိပ်ကပ် တက်ကြွလှုပ်ရှားမှု လုပ်သူတွေဟာ လက်တွေ့မှာ တက်ကြွလှုပ်ရှားမှုတစ်ခု လုပ်တိုင်း အဲ့အလုပ်တွေက သူတို့ရဲ့ တက်ကြွလှုပ်ရှားမှု brand ကို ဘယ်လို ချိတ်ဆက်သလဲဆိုတာ စဉ်းစားလာရတယ် လူတွေ engagement ရှိရဲ့လား like တွေ ရရဲ့လား follower တွေ တက်ရဲ့လား တွေးလာကြတယ် အဲ့ဒါတွေရှိမှ သူတို့ရဲ့ တက်ကြွလှုပ်ရှားမှုဟာ တာတစ်ခု သွားနေသယောင် ဖြစ်လာတယ် အဲ့ဒါတွေဟာ သူတို့ရဲ့ တက်ကြွလှုပ်ရှားမှု‌နဲ့ ပတ်သက်ပြီး လူထုကို လှုံ့ဆော်နိူင်စွမ်း ရှိမရှိကို တိုင်းတာတဲ့ ပေတံတွေ ဖြစ်လာတယ် (သူတို့တွေဟာ ဆိုရှယ်မီဒီယာ ပြင်ပမှာလည်း တကယ် အလုပ်တွေ လုပ်နေကောင်း လုပ်နိူင်ပါတယ် ပြောချင်တာက တက်ကြွလှုပ်ရှားမှုရဲ့ လုပ်ရမဲ့ အလုပ်တွေနောက်မှာ ဆိုရှယ်မီဒီယာပေါ်က မိမိကိုယ်ပိုင် brand ကို ထိန်းသိမ်းခြင်းကပါ အလုပ်တစ်ခုလို ဖြစ်လာတာကို ပြောချင်တာပါ)


တက်ကြွလှုပ်ရှားမှု brand ဆိုတာကတော့ အရင်းရှင်စနစ်ရဲ့ ‌သင်္ကေတအတိုင်း အချင်းချင်းချိတ်ဆက်ပြီးသားဖြစ်နေတဲ့ လူမှုဘဝရဲ့ ဖြစ်တည်မှုတွေကို အစိတ်စိတ်အမွှာမွှာ ပြန်ခွဲပစ်လိုက်တာကို ပြောချင်တာ ဖြစ်တယ် ဒါကတော့ အရင်းရှင်စနစ် အစောပိုင်းက စက်မှုစက်ရုံတွေမှာ လူတစ်ယောက်ရဲ့ တီထွင်နိူင်စွမ်း စွမ်းအားကို နေရာမပေးတော့ဘဲ လုပ်အားကို အကန့်ခွဲလိုက်တာမျိုးလိုပါပဲ သိသာအောင် ဥပမာ ပေးရရင် ကားစက်ရုံတစ်ရုံမှာ လုပ်တဲ့ လုပ်သားတစ်ယောက်ရဲ့ အလုပ်က ဘီးမူလီစုပ်တာဆိုရင် ဒါကိုပဲ နေ့စဉ် သူ့အလုပ်ချိန်တောက်လျှောက် လုပ်ရတယ် နောက်တစ်ယောက်ရဲ့ အလုပ်က ကားမှန်တပ်တာဆို ကားမှန်တပ်တာကိုပဲ နေ့စဉ်တောက်လျှောက်လုပ်ရတယ် ဒီ လုပ်သား နှစ်ယောက်ဟာ ကားတစ်စီး အဆုံးသတ် တပ်ဆင်ဖို့အတွက် အစအဆုံး မပါရသလို နောက်ဆုံး အဆုံးပိတ် ထွက်လာမဲ့ ကားဟာ ဘယ်လို ပုံစံမျိုး ဖြစ်သွားသလဲဆိုတာ သူတို့ မြင်ချင်မှ မြင်ရမယ် ဒါဟာ မာ့စ်ပြောခဲ့တဲ့ alienation of labor (မိမိရဲ့လုပ်အားကနေ မိမိကိုယ်ကို သူစိမ်းပြုခံရခြင်း) ဥပမာပဲ အဲ့ဒီလိုပဲ အရင်းရှင်စနစ်အောက်က လည်ပတ်နေတဲ့ တက်ကြွလှုပ်ရှားမှုတွေမှာ လုပ်အားတွေ ခွဲထားတယ် ငါကတော့ ဂျန်ဒါဖိနှိပ်ခံရမှုတွေ ပြောမယ်၊ နင်ကတော့ လူမျိုးရေး ဖိနှိပ်ခံရမှုတွေ ပြောမယ် အစရှိသဖြင့် တက်ကြွလှုပ်ရှားမှုမှာ အထူးပြုမေဂျာတွေ ပေါ်လာတယ် တကယ်တမ်းတော့ ဂျန်ဒါအရ ဖိနှိပ်မှုမှာ လူမျိုးရေး ခွဲခြားခံနေရတာတွေကြောင့် နေရာဒေသအချိန်အလိုက် ကွဲပြားသွားနိူင်တဲ့ ကိစ္စတွေ ရှိနေဆဲပဲ လူတန်းစားပြဿနာကြောင့် ဂျန်ဒါတွေပေါ်မှာ သက်ရောက်နေတဲ့ မတူညီတဲ့ ပြဿနာတွေ ရှိနေတုန်းပဲ တံဆိပ်ကပ်ထားတဲ့ တက်ကြွလှုပ်ရှားမှုတွေဟာ ဈေးကွက်လွတ်မြောက်မှုတွေလိုပဲ အပြိုင်အဆိုင် ငါ့အချဉ်ပေါင်းက ပိုကောင်းပါတယ် အော်ကြရတယ် (တစ်ခါတစ်လေတော့ လက်တွဲရောင်းတာတွေလည်း ရှိတာပေါ့လေ)


အဲ့ဒီတော့ ဒီလို မိမိရဲ့ အထူးပြု တက်ကြွလှုပ်ရှားမှုတွေကို ဆိုရှယ်မီဒီယာကနေတဆင့် engagement ကို နောက်ကြောင်းခံရတဲ့ တက်ကြွလှုပ်ရှားမှုတွေဟာ အရင်းရှင်စနစ်အောက်က ဆိုရှယ်မီဒီယာ အသုံးချ စားသုံးသူ ဓလေ့ (consumer culture) ကို အားပေး အားမြှောက်ပြုနေတဲ့ ဆိုရှယ်မီဒီယာ influencer တွေနဲ့ ဘာကွာသေးသလဲ influencer တွေက အလှအပ မိတ်ကပ်အကြောင်း၊ ခရီးသွား vlog တွေ၊ အစားအသောက်အကြောင်းတွေ တင်ပြီး မိမိ follower အရေအတွက်၊ like အရေအတွက်တွေ ဗန်းပြပြီး စပွန်ဆာရှာ ပိုက်ဆံရှာရပြီး တက်ကြွလှုပ်ရှားသူတွေကလည်း သူတို့ရဲ့ တက်ကြွလှုပ်ရှားမှု ဓါတ်ပုံတွေ‌နဲ့ engagement တက်အောင် လုပ်ကြရတယ်၊ ပိုက်ဆံရှာကြရတယ် စီးပွားရေးဈေးကွက်အရ ပိုက်ဆံရှာပုံတော့ ကွဲသွားတာပေါ့နော် တက်ကြွလှုပ်ရှားသူတွေအတွက်တော့ အနောက်အခြေစိုက် INGO တွေရဲ့ လှူတန်းမှု ပိုက်ဆံတွေ၊ funding တွေကို မျှော်ကိုးရတာပေါ့ ဒီနေရာမှာ တခြား influencer တွေက သူတို့ကို စပွန်ဆာပေးထားတဲ့ ကုမ္မဏီတွေရဲ့ ပစ္စည်းတွေကို ပိုရောင်းရအောင် ကြော်ငြာပေးရပြီး တက်ကြွလှုပ်ရှားသူ influencer တွေကတော့ သူတို့ ပိုက်ဆံယူထားတဲ့ INGO တွေကို ရီပို့တွေ ပြန်တင်ပေးရတာတွေ လုပ်ကောင်းလုပ်ရတယ်


ဒီလို အရင်းရှင်စနစ်နှောင်းပိုင်း နီရိုလစ်ဘရယ်ခေတ်မှာ ဖြစ်လာတဲ့ တက်ကြွလှုပ်ရှားသူတစ်ပိုင်း influencer တစ်ပိုင်း ပြဿနာ (activist-influencer complex) အကြောင်းကို ကိုလန်ဘီယာတက္ကသိုလ်က လူမည်း မနုဿဗေဒ ပါရဂူတန်းကျောင်းသူ နှစ်ဦးဖြစ်တဲ့ အယ်လီစာနဲ့ ဘရန်ဒိုင်းတို့ နှစ်ဦး လုပ်တဲ့ "ဇိုရာ့ သမီးများ" (Zora's Daughters) podcast season 2 episode 12 Non-profit စက်မှုထုတ်လုပ်ရေး ပြဿနာကို မထောက်ပံ့နဲ့ (Defund non-profit industrial complex) ဆိုတဲ့ အပိုင်းမှာ သေချာ နားထောင်ကြည့်ဖို့ ညွှန်းချင်တယ် (ဇိုရာ့ သမီးလို့ ခေါင်းစဉ်တပ်ထားတာကတော့ ကိုလန်ဘီယာတက္ကသိုလ်မှာ မနုဿဗေဒကို ပါရဂူတန်း တက်ရာကနေ တစ်ဝက်နဲ့ နားပြီး အမေရိကန် တောင်ပိုင်းက လူမျိုးရေး ပြဿ‌နာတွေကို ကိုယ်တိုင်ရေး အတ္တုပ္ပတိတွေကတဆင့် ဖော်ကျူးခဲ့တဲ့ လူမည်း မနုဿဗေဒပညာရှင် ဇိုရာနီးဟာစတန် ကို ရည်ရွယ်ထားတာပဲ ဖြစ်တယ် ဟာစတန်ကို မနုဿဗေဒရဲ့ သမိုင်းကြောင်းထဲမှာ မနုဿဗေဒပညာရှင်လို့ သတ်မှတ်ခံခဲ့ရခြင်း မရှိဘဲ အခုလတ်တလော ပညာရှင်လောကအသိုင်းအဝိုင်းအတွင်းက စုံလင်ကွဲပြားမှု ရေစီးကြောင်းကြောင့် ဟာစတန်ရဲ့ အတ္တုပ္ပတိတွေကို အမေရိကန်က မနုဿဗေဒ ပါရဂူတန်းတွေမှာ ပြန်လည် ထည့်သွင်း သင်ကြားလာကြတယ် အယ်လီစာနဲ့ ဘရန်ဒိုင်း ဒီလို တမင် ဖယ်ဖျက်ခြင်း ခံထားရတဲ့ လူမည်း မနုဿဗေဒ အသိပညာထုတ်လုပ်မှုတွေကို ထုတ်ပြချင်တာကြောင့်၊ သူတို့ကိုယ်တိုင်လည်း လူမည်း အမျိုးသမီး မနုဿဗေဒ ပါရဂူတန်းကျောင်းသူတွေ ဖြစ်နေတာကြောင့် တမင် သူတို့ရဲ့ podcast ကို ဒီခေါင်းစဉ်တပ်ထားတာ ဖြစ်တယ်)


ဒုတိယအချက်အနေနဲ့ နိူင်ငံတကာ ရင်ဘောင်တန်းတဲ့ တက်ကြွလှုပ်ရှားသူဖြစ်ဖို့ဆိုတာ အနောက် အင်ပိုင်ယာစနစ်ရဲ့ လက်သင့်ခံမှု ဘောင်ထဲ ဝင်မှ ရတယ်ဆိုတာကတော့ အမေရိကန်လို နိူင်ငံဟာ ဒီမိုကရေစီ ထွန်းကားတဲ့ နိူင်ငံဆိုပြီး အမည်ခံထားတဲ့ အလျောက် တက်ကြွလှုပ်ရှားမှုတွေမှာလည်း ဒီမိုကရေစီအတွက် လှုပ်ရှားသူတွေကို ဦးစားပိုပေးတယ် အမေရိကန်ဟာ အရှေ့တောင်အာရှ နိူင်ငံတွေအတွင်းမှာရော၊ အရှေ့ဥရောပ၊ အာရှအလယ်ပိုင်း၊ တောင်အမေရိကနဲ့ အမေရိက အလယ်ပိုင်းက နိူင်ငံ‌တွေအတွင်းမှာရော ကွန်မြူနစ်ဝါဒကို ကျင့်သုံးတဲ့ နိူင်ငံတွေကို ကမ္ဘာစစ်အေးကာလနောက် (ကွန်မြူနစ်ဝါဒ မပျံ့အောင်) ထိန်းသိမ်းခြင်း နည်းလမ်း (containment strategy) အရ တမင် ဖိနှိပ် နေရာမပေးတာတွေ၊ စစ်ပွဲတွေအတွက် လက်နက်၊ လူအားနဲ့ ပစ္စည်းရိက္ခာ ထောက်ပံ့ပေးတာတွေ သမိုင်းကြောင်းအရ ရှိခဲ့တယ် ဈေးကွက် ပြိုင်ဆိုင်မှုကို သာယာဝပြောစေချင်တဲ့ ရည်ရွယ်ချက်နဲ့ အမေရိကန်ဟာ ရုရှားနဲ့ တရုတ်ကနေတဆင့် အာရှတစ်ဝိုက်မှာ ကွန်မြူနစ်ဝါဒ ထွန်းကားမှာကို စိုးတဲ့အတွက် ဗီယက်နမ်စစ်လိုမျိုး ကွန်မြူနစ်ပါတီနဲ့ ကွန်မြူနစ်ဝါဒသမားတွေကို တိုက်တဲ့ စစ်ပွဲတွေမှာ ပါဝင်ခဲ့တယ်


၁၉၆၀ ခုနှစ်က အမေရိကန် သမ္မတ ရစ်ချက်နစ်ဆင်ရဲ့ "ကွန်မြူနစ်ဝါဒရဲ့ အဓိပ္ပါယ်" ဆိုတဲ့ မိန့်ခွန်းထဲမှာလည်း အမေရိကန်‌လူမျိုးတွေအတွက် "ကွန်မြူနစ်ဝါဒဆိုတာ ကောက်ကျစ်ပြီး အဓိပ္ပါယ်မရှိတဲ့ ဒဿန တစ်ခု" လို့ ပြောခဲ့တယ် ထပ်ပြီးတော့ သူက "ကွန်မြူနစ်ဝါဒရဲ့ အရှိန်အဝါဟာ လူထုအတွက် မဟုတ်ပါဘူး ကွန်မြူနစ်တွေက ငါတို့ကို အဲ့လို ထင်ကောင်း ထင်စေချင်ပေမဲ့လည်း တကယ်တော့ ကွန်မြူနစ်ဝါဒက အခုမှ ဖွံ့ဖြိုးဆဲနိူင်ငံတွေက ဘယ်စနစ်က ပိုတိုးတက်စေမဲ့ လမ်းကို ရောက်အောင်ပိုမလဲဆိုတာကို စဉ်းစားရှာဖွေဖို့ ကြိုးစားနေတဲ့ ဉာဏ်ရည်ရှိတဲ့ လူနည်းစု‌တွေကို ဖျားယောင်း မြူဆွယ်ဖို့ ဦးတည်ထားတာ ဖြစ်တယ်" လို့ ဆိုခဲ့တယ်


"We must recognize that the appeal of the Communist idea is not to the masses, as the Communists would have us believe, but more often to an intelligent minority in newly developing countries who are trying to decide which system offers the best and surest road to progress." (မိန့်ခွန်းအစအဆုံးကို အောက်က လင့်ခ်မှာ ဖတ်ပါ)


ဆိုတော့ ကျွန်မ ပြောချင်တာက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို ကျင်းပတဲ့ အနောက်နိူင်ငံ (အထူးသဖြင့် အမေရိကန်) ဟာ တကယ် ဒီမိုကရေစီအရေးကို ဦးစားပေးတာလား ကွန်မြူနစ်ဝါဒီ ထွန်းကားလာမှာကို ကြောက်ရွံ့တဲ့အတွက် ကျွန်မတို့ကို ကလေးမုန့်ပေး ချွေးသိပ်ထားတာလား စဉ်းစားစရာပါ ကွန်မြူနစ်ဝါဒအောက်က တက်ကြွလှုပ်ရှားမှု/သူတွေကို အမေရိကန်လို အနောက်နိူင်ငံတွေက အထက်က Instagram ပို့စ်လိုမျိုး အကျယ်တဝင့် ဆုတံဆိပ်ပေး (ငွေကြေးနဲ့ မဟုတ်ရင်တောင် လူမှုအရင်းအမြစ် (social capital)နဲ့ ပေးတာမျိုး) ကြေငြာနေမှာမဟုတ်တာတော့ အသေအချာပါပဲ ဒီမိုကရေစီနဲ့ အရင်းရှင်စနစ်ကြားမှာ ချိတ်ဆက်မှုတွေ ရှိနေသလား ဘယ်လို ချိတ်ဆက်မှုတွေလဲဆိုတာ ကျွန်မတို့ စဉ်းစားသင့်တယ်


ဒီဆောင်းပါးမှာ ဆိုရှယ်မီဒီယာပေါ်က အရင်းရှင်စနစ်ဆန်နေတဲ့ တက်ကြွလှုပ်ရှားမှုတွေကို ထောက်ပြနေတာဖြစ်ပေမဲ့ တစ်ချိန်တည်းမှာပဲ မြေပြင်နဲ့ ချိတ်ဆက်လုပ်တယ် မြေပြင်ကိုပဲ အာရုံစိုက်တယ်ဆိုတဲ့ လုပ်ကိုင်မှုတွေမှာလည်း မျက်ကန်းတ‌စ္ဆေခြောက်မှုတွေ ရှိတယ်ဆိုတာတော့ ကျွန်မ ခဏ စကားကြွင်းခံချင်တယ် ဒီအကြောင်းကိုတော့ သတ်သတ် ဆောင်းပါးရေးပါဦးမယ်


အချုပ်အနေနဲ့ ပြောရရင် အရင်းရှင်စနစ်နဲ့ အင်ပိုင်ယာစနစ်ကြောင့် ပုံသဏ္ဍာန်အသွင်ပြောင်းလာတဲ့၊ သူတို့ရဲ့ ဝါးမျိုမှုကို ခံလိုက်ရတဲ့ ‌တက်ကြွလှုပ်ရှားမှုတွေကို တက်ကြွလှုပ်ရှားမှုလို့ နာမည်ခေါ်လို့ ရပါဦးမလား တက်ကြွလှုပ်ရှားမှုတော့ ဖြစ်ကောင်း ဖြစ်နိူင်တယ် ဒါပေမဲ့ ပုန်ကန်တော်လှန်မှုတော့ မမြောက်ပါဘူး ကျွန်မအတွက်တော့ ဒါတွေဟာ အရေခြုံတက်ကြွလှုပ်ရှားမှုတွေသာ ဖြစ်တယ် အဲ့ဒါကြောင့် အဲ့ဒါတွေကို တက်ကြွလှုပ်ရှားမှုလို့ကို မခေါ်ဝေါ်ထိုက်တော့ဘူး ကျွန်မအတွက်က တက်ကြွလှုပ်ရှားမှု (activism) ဟာ နာမ် (noun)/ဖြစ်တည်မှု (identity label) အစိုင်အခဲ တစ်ခု မဟုတ်ဘူး ကြိယာတစ်ခု (verb) ဖြစ်တယ် လုပ်ရပ်တစ်ခု (action) ဖြစ်တယ် မည်သူမဆို တက်ကြွလှုပ်ရှား ပုန်ကန်လို့ ရတယ် ရလည်း ရရမယ် တက်ကြွလှုပ်ရှားမှုဟာ တက်ကြွလှုပ်ရှားနေစဉ်အတောအတွင်းမှာ လှုပ်ရှားသူအချင်းချင်းကြား ‌ပေါင်းကူးပေးတဲ့ လုပ်ရပ်တစ်ခုသာ ဖြစ်သင့်တယ် အပြိုင်အဆိုင် နာမည်ကြီးဖို့ အတွက် အကန့်တွေ ခွဲရတဲ့ ဖြစ်တည်မှု ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခု မဟုတ်ဘူး တက်ကြွလှုပ်ရှားသူရယ်လို့ အသက်မွေးဝမ်းကြောင်း နည်းလမ်းတစ်ခု ပေါ်ပေါက်လာတာဟာ တက်ကြွလှုပ်ရှားမှုတွေလည်း အရင်းရှင်စနစ်ရဲ့ အသတ်ကို ခံလိုက်ရပြီဆိုတာ ပေါ်ပေါ်ထင်ထင် ပြလိုက်တာပါပဲ


"ဇိုရာ့ သမီးများ" (Zora's Daughters) podcast season 2 episode 12 Non-profit စက်မှုထုတ်လုပ်ရေး ပြဿနာကို မထောက်ပံ့နဲ့ (Defund non-profit industrial complex)

https://zorasdaughters.com/episodes/defund-the-non-profit-industrial-complex/?fbclid=IwAR0H0bq8sSoAMvazBprtbL_PH4ByIcj9zij1PzGzPGq42A7aBRRA4_x3Mtw


ဇိုရာနီးဟာစတန် (Zora Neale Hurston) ရဲ့ "သူတို့မျက်လုံးတွေက ဘုရားသခင်ကို ကြည့်နေကြတယ်" (Their eyes were watching God) စာအုပ်

https://docs.google.com/viewer?a=v&pid=sites&srcid=c3R1ZGVudC5iY3Nkbnkub3JnfG1yLWFsYmFuby1ob21lcGFnZXxneDo3MTYwMDQ1YzM5NmM1Zjli&fbclid=IwAR1fyelaK28mCUTe5kj5OBw4pTmcm5tCgA9NZu5UpskMYOVpsT_aWFfPe1g


ရစ်ချက်နစ်ဆင်ရဲ့ "ကွန်မြူနစ်ဝါဒရဲ့ အဓိပ္ပါယ် မိန့်ခွန်း"

https://www.presidency.ucsb.edu/documents/the-meaning-communism-americans-study-paper-richard-m-nixon-vice-president-united-states?fbclid=IwAR3uPXCV8Z-obho-OP34s9nvByG1gNAcC2U3zgHm8ybJFukvd_i1xSQVUQk


Leftist Youth Organization Yangon University FB Page ၎င်းတို့ စုစည်းထားသော စာတမ်းများကို FB page ရဲ့ Google Drive link တွင် ရနိူင်ပါတယ်


ထိုင်းနိူင်ငံနဲ့ အနားတစ်ဝိုက်က နိူင်ငံဒေသများမှ လူတန်းစား ရုန်းကန်ရမှုများအကြောင်းကို စာရေးသားတင်ဆက်ပေးနေသော ဒင်ဒန် ရပ်ဝန်း (Din Deng Collective) တချို့စာများကို မြန်မာလို ဖတ်နိူင်ပါတယ်

https://www.dindeng.com/about/?fbclid=IwAR1KorPgU3nzGHT9iGI50PnOpbDW60TNAWUXW9LVLE9ioZisjCzDagMrfqw


ပုံ - သစ်သားငရုတ်ဆုံထဲတွင် အမှုန့်ကြိတ်ထောင်းခံလိုက်ရသော မြေပဲဆံများ



bottom of page