• machinthe

မနုဿဗေဒရဲ့ ကိုလိုနီသဘောတရားတွေကို ချွတ်ချဖို့ ဖြစ်နိုင်ချေရှိမရှိ အပိုင်း (၃)

Girish Daswani မူရင်း ရေးသားပြီး မခြင်္သေ့ ဘာသာပြန်သည်။ မူရင်းစာတမ်းကို Everyday Orientalism တွင် ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။


Girish Daswani သည် ကနေဒါနိူင်ငံမှ တိုရန်တိုတက္ကသိုလ် မနုဿဗေဒဌာနမှ တွဲဘက်ပါမောက္ခတစ်ယောက်ဖြစ်သည်။ Everyday Orientalism တွင် စာများ ပုံမှန်ရေးရုံသာမက လက်ရှိတွင် ဂါနာမှ နိူင်ငံရေးလာဘ်စားမှုများနှင့် ပတ်သက်ပြီး ဘာသာရေးတုံ့ပြန်မှုများ၊ တက်ကြွလှုပ်ရှားမှုများအကြောင်းကို စာအုပ်ရေးသားနေသည်။ Bright Ackwerch နှင့်အတူ ကာတွန်းစာအုပ်တစ်အုပ်ကိုလည်း ရေးသားနေပြီး Mutombo da Poet နှင့် မှတ်တမ်းတင်ရုပ်ရှင်တစ်ကားကိုလည်း ရိုက်ကူးနေသည်။ သူ၏ စိတ်အာရုံကို အနားပေးရန် သီချင်းများလည်း ရေးသည်။ Girish သည် Africa Proactive နှင့် Human Stories တို့ကို တည်ထောင်သူလည်း ဖြစ်သည်။


စကားချီး - မြန်မာစာဖတ်နှုန်းနှင့် သင့်တော်စေရန် စာပိုဒ်ခွဲရာနေရာများကို မူရင်းစာမှ ပြုပြင်ပြောင်းလဲထားသည်။


အပိုင်း (၁) ကို တွင် ဖတ်ပါ။

အပိုင်း (၂) ကို တွင် ဖတ်ပါ


အပိုင်း (၃)


လူမျိုးနဲ့ EDI


လူမျိုးရေးဟာ အရေးကြီးတယ်လို့ လူဖြူမဟုတ်တဲ့ မနုဿဗေဒပညာရှင်တစ်ယောက်က ကျွန်တော့်ကို ပြောဖူးတယ်။ သူ့ဌာနထဲမှာ EDI (Equity and Diversity Initiatives) အစီအစဥ်တွေ လုပ်ကြတုန်းက သူ့ကို တုံကင်တစ်ခုအနေနဲ့သာ မှတ်ယူပြီး သူတွေ့ကြုံခဲ့ရတဲ့ လူမျိုးရေးခွဲခြားမှုတွေအကြောင်းကို စုံလင်ကွဲပြားတဲ့ စကားဝိုင်းတစ်ခုလုပ်ဖို့အတွက် မေးခဲ့ကြတယ်။ ဒီလိုမေးတာကို သူက ဌာနထဲက လုပ်ပုံကိုင်ပုံတွေကို ပြောင်းလဲဖို့အတွက် အတူတူကြိုးစားဖို့ မေးတာလို့ ထင်ခဲ့ပေမဲ့ ဌာနရဲ့ နဂိုရှိရှင်းစွဲ လုပ်ပုံကိုင်ပုံတွေကို ပြန်ပြီး သတိပေးခံခဲ့ရတယ်။ အဲ့ဒီအစည်းအဝေးဟာ သူပြောနေတာတွေကို ပိတ်ပင်ခဲ့တဲ့ စီနီယာ ယောင်္ကျားတွေရဲ့ လွှမ်းမိုးမှုအောက်ကို ချက်ချင်းပြန်‌ရောက်သွားတယ်။ ဒီ မနုဿဗေဒပညာရှင်ဟာ ဂတ်စ်မီးနဲ့ ရှို့ခံရသလို ခံစားရပြီး ထပ်ပြီး ညှင်းပန်းခံရတယ်။


“ငါတို့ကို လူလို့ မမြင်ဘူးလေ။ လုပ်အားတစ်မျိုးလို့ပဲ မြင်တာ” လို့ သူက ကျွန်တော့်ကို ပြောတယ်။

“သူတို့ ငါ့ကို မမြင်သေးသရွေ့ ဘာမှ ပြောင်းလဲလာမှ မဟုတ်ဘူး” (စောဒကတက်တဲ့အကြောင်းကို တွေးတဲ့အခါ Sara Ahmed ရဲ့ ၂၀၂၁ က ပေးခဲ့တဲ့ ဟောပြောပွဲကို ပြန်အောက်မေ့မိတယ်)။

နောက်ထပ် လူဖြူမဟုတ်တဲ့ မနုဿဗေဒပညာရှင်တစ်ယောက်ကလည်း ကျွန်တော်တို့တွေအကုန်လုံးက အင်ပိုင်ယာလက်အောက်က အုပ်ချုပ်ခံရသူတွေသာဖြစ်ပြီး မနုဿဗေဒထဲမှာ တန်းတူအမြင်ခံ၊ လက်ခံခံရပြီး ကျွန်တော်တို့ရဲ့နေရာနဲ့ ကျွန်တော်တို့ဟာ ထိုက်တန်ကြောင်း အမြဲတစေကြိုးစားနေမှရမယ်လို့ ပြောတယ်။ ဒီမနုဿဗေဒပညာရှင်ဟာ လူဖြူသဘောတရားကို ပြန်မြုံဖို့ နောက်ဆုံး သူ မလုပ်နိူင်တော့တဲ့အထိ၊ လုပ်လည်း မလုပ်ချင်တော့တဲ့အထိတောင် တော်တော်ကြိုးစားပါတယ်။ ဒီ မနုဿဗေဒပညာရှင်နှစ်ယောက်လုံးကို သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက အားပေးပံ့ပိုးကြကြောင်းကိုလည်း ပြောပြခဲ့ကြတယ်။ ဒါပေမဲ့ အဲ့ဒီအားပေးမှုတွေက ဘယ်တော့မှ လူရှေ့မှာမဟုတ်ဘဲ အမြဲတမ်း လူမသိသူမသိပဲ ဖြစ်တယ်။


ဒီအကြောင်းက ကျွန်တော့်ကို တိုယန်တိုမြို့က ရှေ့နေနဲ့ queer တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ El-Farouk Khaki က ကျွန်တော်နဲ့ Wunpini F. Mohammed နဲ့အတူ စီစဥ်ခဲ့တဲ့ စကားဝိုင်းတစ်ခုမှာ ပြောခဲ့တဲ့ ဖီမီနင့်နဲ့ queer စီစဥ်လှုပ်ရှားမှုတွေအကြောင်း ကို အမှတ်ရစေတယ်။ သူက “မကောင်းတဲ့ မိတ်ဖက်”ဆိုတာ အချင်းချင်းကြားမှာတော့ “ငါက မင်းနဲ့အတူ ရှိပါတယ်”လို့ ပြောပြီး အများရှေ့မှာတော့ “နင်က တစ်ယောက်တည်းပဲ” ဆိုတဲ့ လူစားမျိုးလို့ ပြောခဲ့တယ်။ လူဖြူမဟုတ်တဲ့ မနုဿဗေဒပညာရှင်တွေကလည်း အကြမ်းဖက်ခံရတာတွေ၊ အနှောင့်ယှက်ခံရတာတွေနဲ့ ပတ်သက်လာရင် ဒီလိုမျိုး ခံစားရတယ်။ လူမျိုးဟာ လူတန်းစား၊ ဂျန်ဒါ၊ လူမှုအဆင့်အတန်းတွေနဲ့ မနုဿဗေဒထဲမှာ ရှိနေတဲ့ တခြားသော အနိမ့်အမြင့်စနစ်တွေဖြစ်တဲ့ နာမည်ကျော်ကြားမှု၊ ဂုဏ်ပကာသနစနစ်တွေနဲ့ တွေ့ထိနေတယ် (Kawa နဲ့အများ ၂၀၁၈)။


တောင်အမေရိကနဲ့ ဥရောပနိူင်ငံတွေတချို့မှာတော့ လူမျိုးဆိုတာ လူဖြူကြီးစိုးရေးနဲ့လည်း ပတ်သက်နေတယ်။ လူဖြူကြီးစိုးရေးဆိုတဲ့ စကားလုံးကတော့ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မနုဿဗေဒပညာရှင် (အထူးသဖြင့် လူဖြူတွေ) တော်တော်များများကို အခက်တွေ့စေတဲ့ စကားလုံးပါပဲ။ လူဖြူကြီးစိုးရေးဆိုတာ ကမ္ဘာတောင်ပိုင်းသာမက တခြားနေရာတွေမှာပါ တွေ့ကြုံနေရတဲ့ ကိုလိုနီဖွဲ့စည်းတည်ဆောက်ပုံတွေနဲ့ သူတို့ရဲ့ အကျိုးဆက်တွေကနေတဆင့် ဆက်လက်အမြတ်ထွက်နေတဲ့ ပါဝါစနစ်တစ်ခုကို ပြောတာပဲ ဖြစ်တယ်။


ဒါပေမဲ့ ဒီစကားလုံးကို နာမည်တပ်တာနဲ့ ဒါမှမဟုတ် မနုဿဗေဒနဲ့ တွဲပြောတာနဲ့ ထိခိုက်စေတဲ့၊ ကြင်နာမှုမရှိတဲ့ သို့မဟုတ် မမှန်ကန်တဲ့ မကောင်းတဲ့ စကားလုံး ဖြစ်သွားတယ်။ မင်းတို့ (ကျွန်တော့်ရဲ့ လူဖြူလုပ်ဖော်ကိုင်ဖက်တွေ)ဟာ ဒီလိုပြောလိုက်တာနဲ့ သူတို့ကို လူဖြူကြီးစိုးရေးသမားတွေပါလို့ စွပ်စွဲတယ်လို့ ကြားကြတယ်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တယ်လို့ ယူဆလာတယ်။

ကျွန်တော်တို့ မနုဿဗေဒပညာရှင်တွေဟာ ကျွန်တော်တို့ နှစ်ပေါင်းများစွာ စွဲကိုင်လာတဲ့ အရာတစ်ခုပျောက်သွားမှာကို ကြောက်နေကြတယ်။ တစ်နည်းတစ်ဖုံနဲ့ ငါတို့ဟာ အဲ့ဒီလိုမျိုးလူ မဟုတ်ပါဘူးလို့ ထင်နေကြတယ်။ ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုတွေက ပုံစံမျိုးစုံနဲ့ ပေါ်လာကြတယ်။ ငါတို့အားလုံးက မနုဿဗေဒပညာရှင်တွေပဲ။ ဒီအထဲမှာ ငါတို့အားလုံး ပါတာပဲ။ ငါတို့က ဌာနတစ်ခုတည်းပဲ။

ဒီ မနုဿဗေဒထဲက “ငါတို့” ဆိုတာဟာ မတူညီတဲ့ “ငါတို့”ပေါင်းများစွာကို လျစ်လျှုရှုစေပြီး တာဝန်နဲ့ ဝတ္တရားတွေကနေလည်း ကင်းလွတ်ခွင့်ပေးတယ် (Liboiron ၂၀၂၀)။ ပြီးတော့ လူဖြူကြီးစိုးရေးဆိုတာ တစ်ဦးတစ်ယောက်တည်းကို ပြောနေတာမဟုတ်ဘူး (အဲ့ဒီတစ်ဦးတစ်ယောက်က လူဖြူကြီးစိုးရေးကနေ အကျိုးတွေ ခံစားနေရရင်တောင်မှ)။ လူဖြူကြီးစိုးရေးဆိုတာ တချို့အသံတွေကို ဘေးဖယ်ထားပြီး တချို့ကို ပိုအသံချဲ့ပေးတာဖြစ်ပြီး မကြာခဏ သတိမပြုမိကြတဲ့ ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာအောင် လုပ်ပေးနေတဲ့ စနစ်တစ်ခုပဲ။


EDI ရဲ့ လုပ်ဆောင်ချက်များ


ကိုယ်စားလှယ်ပြဖို့ လိုလာတဲ့ အခြေအနေတွေမှာ အကယ်ဒါးမစ်ဌာနတွေက “တန်းတူညီမျှမှုနဲ့ စုံလင်ကွဲပြားမှု (Equity and Diversity)”ကို ကိုလိုနီနဲ့ လူဖြူကြီးစိုးရေးမှန်ပြောင်းတွေကနေသာ ဆက်ကြည့်နေကြတုန်းပဲ။ သူတို့က လူမည်းတွေ၊ အင်ဒီးဂျနင့်လူမျိုးတွေ၊ လူညိုတွေနဲ့ အာရှသူအာရှသားတွေရဲ့ ခန္ဓာကိုယ်တွေကိုသာ ပိုထည့်လိုက်တာနဲ့ ပိုပြီး ထည့်သွင်းစဥ်းစားရာရောက်မယ်လို့ ထင်နေကြတယ်။ ဆိုလိုချင်တာက ဒီလိုလူတွေကို “စုံလင်ကွဲပြားတဲ့ အလုပ်”တွေ လုပ်ခိုင်းလိုက်တာနဲ့ စုံလင်ကွဲပြားသွားမယ်လို့ ထင်နေတယ်။

ဒီဟာက တချို့တဝက်တော့ မှန်ပါတယ်။ ဒါ‌ပေမဲ့ ဒီလို ယူဆတာက တော်တော် ပြဿနာရှိတယ်။ စုံလင်ကွဲပြားဖို့ လုပ်ရမဲ့ အလုပ်ကို ဘေးဖယ်ခံထားရသူတွေနဲ့ ကိုယ်စားလှယ်မရှိတဲ့ ဆရာ/မတွေရဲ့ ပခုံးပေါ်မှာ ရှိနေပြီးသားဝန်ပေါ် ပိုပိစေလို့ပဲ။ စုံလင်ကွဲပြားမှု (diversity) ဆိုတာကို ပြောင်းလဲရမဲ့အစား ချဲ့ပြီး လုပ်လိုက်ရင် ပြီးမဲ့အလုပ်ဆိုပြီး တုံကင်တစ်ခုအနေနဲ့သာ သဘောထားတယ်။ ဘေးဖယ်ခံထားရတဲ့ ဆရာ/မတွေကို အလုပ်တွေ ပိုလုပ်ခိုင်းပြီး မမျှတတဲ့ စနစ်ကို စိန်ခေါ်ဖို့ ကြိုးစားတဲ့အခါ အကြမ်းဖက်မှုတွေ အနှောင့်အယှက်တွေနဲ့ ပိုတွေ့ကြုံစေရတယ်။


ကနေဒါ အကယ်ဒါးမီးယားရဲ့ EDI ကို မတော်မတရားတံဆိပ်ပြန်ကပ် အသုံးချခြင်းအကြောင်းကို Rinaldo Walcott က သိပ်မကြာခင်ကပဲ ပညာသားပါပါ သုံးသပ်ခဲ့တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး Sara Ahmed ရဲ့ စောဒကတက်ခြင်း၊ စုံလင်ကွဲပြားခြင်းနှင့် အခြားသော ရန်လိုသော ပတ်ဝန်းကျင်များ (Complaint, Diversity and Other Hostile Environments) ဆိုတဲ့ ဟောပြောပွဲက ကောက်နုတ်ချက်တချို့ကို ပြန်တင်ပြချင်တယ်။

  • “ရိုးရာဓလေ့ထုံးစံတစ်ခု မွေးဖွားလာဖို့ကို ရပ်တန့်ဖို့ ကြိုးစားနေတဲ့သူတွေကို ရပ်တန့်လိုက်ရင် ရိုးရာဓလေ့ထုံးစံတစ်ခု မွေးဖွားလာတယ်။”

  • စုံလင်ကွဲပြားခြင်း (diversity) ဆိုတာ “မိန်းမတွေနဲ့ လူနည်းစုတွေ ခေါင်းပြူပြန်ထွက်လာဖို့သက်သက်သာ လည်နေတဲ့ ဆုံလည်တံခါးတစ်ခုပဲ။”

  • “လူမျိုး (race) ဆိုတဲ့စကားလုံးကို ပြောလိုက်စမ်းပါ။ သင်ဟာ စောဒကတက်တဲ့သူ၊ အဆိုးဘက်မြင်တဲ့သူ၊ ပျက်စီးစေချင်တဲ့သူ၊ စိတ်ရင်းမကောင်းတဲ့သူလို့ အထင်ခံရလိမ့်မယ်။”

  • “ညှင်းပန်းနှိပ်စက်တဲ့သူနဲ့ ပေါင်းသင်းဆက်ဆံရေးကနေ အကျိုးအမြတ်တွေ ရနေတဲ့သူဟာ ဒီအကျိုးအမြတ်တွေ ဆက်ရနေအောင် ညှင်းပန်းနှိပ်စက်မှုတွေကို ဖုံးဖိထားလေ့ရှိတယ်။”

တစ်ဘက်မှာတော့ လူတန်းစား၊ လူမှုအဆင့်အတန်းနဲ့ ဂုဏ်ပကာသနတွေ EDI ရဲ့ ပုံရိပ်ထဲ ဝင်လာတဲ့အခါ လူဖြူမဟုတ်တဲ့ အကယ်ဒါးမစ်တွေကပါ အင်ဒီးဂျနင့်လူမျိူးတွေ၊ လူမည်းတွေနဲ့ လူနည်းစုတွေကို ဘေးဖယ်ထားပြီး အကြမ်းဖက်တဲ့ အခွင့်ထူးခံလူတန်းစားတွေပါ ပြန်ဖြစ်လာနိူင်တယ်။ ဥပမာပေးရရင် လူဖြူသဘောတရားကို ပြန်ထုတ်လုပ်ရင်း သူတို့ရဲ့ ကျောင်းသားကျောင်းသူတွေ၊ သူတို့ထက် လုပ်သက်နုသေးတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပြန်ပြီး အကြမ်းဖက် ဒုက္ခပေးတဲ့ လူဖြူမဟုတ်တဲ့ မနုဿဗေဒပညာရှင်တွေပဲ။


အင်ဒီးဂျနင့်လူမျိုးတွေ၊ လူမည်းတွေ၊ လူညိုတွေနဲ့ အာရှလူမျိုးတွေရဲ့ အသံတွေကို ထည့်သွင်းစဥ်းစားတာဟာ အရေးကြီးရုံတင်မက အရေးပါပါတယ်။ ဒါပေမဲ့ လူဖြူတွေ (သို့) အဆိပ်အတောက်ပြင်းပြီးသား နောက်ခံတွေကို အ‌ရောင်တွေတင်တာဟာ သင့်ရဲ့ ဌာနကို အမှန်တကယ် စုံလင်ကွဲပြားအောင် လုပ်တယ်လို့ ယူဆလို့ မရပါဘူး။ အထူးသဖြင့် ရေပေါ်ဆီ (elite) တွေရဲ့ ပြန်ထုတ်လုပ်မှုကို မစစ်ဆေးရင်၊ လူဖြူမဟုတ်တဲ့ အကယ်ဒါးမစ်တွေက လူဖြူသဘောတရားတွေကို ပြန်မြုံတဲ့အခါနဲ့ လူတွေဟာ ဆက်ပြီးတော့ လေးလေးစားစား အဆက်ဆံမခံရရင်၊ ဆိုးဆိုးရွားရွား အဆက်ဆံခံရရင်နဲ့ တုံကင်တစ်ခုလိုသာပဲ ဆက် ဆက်ဆံခံနေရရင် စုံလင်ကွဲပြားအောင် လုပ်တယ်လို့ ယူဆလို့ မရပါဘူး။


အဲ့ဒါကြောင့် “ငါတို့ရဲ့ ရည်ရွယ်ချက်တွေ၊ ငါတို့ လုပ်ရပ်တွေရဲ့ လမ်းကြောင်းတွေကို မေးခွန်းပြန်မထုတ်ရင် ‌လူဖြူမဟုတ်သူတွေကို ဘေးဖယ်ထုတ်တဲ့အပြင် လိုအပ်နေတဲ့ ငါတို့ရဲ့ တည်ရှိမှုကိုပါ ပပျောက်အောင် လုပ်ရာရောက်တဲ့ မတူညီမှုတွေနဲ့ အခြားတစ်ပါးပြုမှုတွေရဲ့ အာဘော်တွေကို ပြန်လည် ဆက်လက်ပျံ့ပွားစေရန် အန္တရာယ်ရှိတယ်” (bell hooks ၂၀၁၅: ၂၀၆) ဆိုတာကို သတိမူဖို့ အရေးကြီးတယ်။ bell hooks ထောက်ပြခဲ့သလိုပဲ ကျွန်တော်တို့ ပြောနေတဲ့အကြောင်းအရာတွေက အရေးကြီးရုံတင်မကဘူး။ အဲ့ဒီအကြောင်းအရာတွေကို ကျွန်တော်တို့ ဘယ်လိုပြောနေကြသလဲဆိုတာကလည်း အရေးကြီးတယ်။

Boas ဦးဆောင်ခဲ့တဲ့ မနုဿဗေဒလမ်းကြောင်းရဲ့ လွှမ်းမိုးမှုဟာ မနုဿဗေဒပညာရှင်တွေရဲ့ ပြောပုံဆိုပုံတွေပေါ်မှာ အမြစ်တွယ်နေဆဲပဲ။ Mark Anderson က သူ့ရဲ့ ၂၀၁၉ ခုနှစ်ထုတ် Boas မှအစ လူမည်းပါဝါအဆုံး - လူမျိုးရေးခွဲခြားရေး၊ လစ်ဘရယ်စနစ်နှင့် အမေရိကန် မနုဿဗေဒ (From Boas to Black Power: Racism, Liberalism, and American Anthropology) ဆိုတဲ့ စာအုပ်ထဲမှာ ရေးခဲ့သလိုပဲ Boas နဲ့ သူ့ကျောင်းသားတွေဟာ ရိုးရာဓလေ့တွေကို အသုံးချပြီး လူမျိုးဆိုတာကို ဇီဝဗေဒအခြေပြု သတ်မှတ်ချက်တွေကနေ ဖယ်ခွာပြီး မတူညီမှုတွေကို ရှင်းပြဖို့ ကြိုးစားတဲ့အခါ လူမျိုးဆိုတဲ့ စကားလုံးသဘောတရားကို အသေးစိတ် ပြန်မရှင်းပြခဲ့ဘူး။


US ရဲ့ မနုဿဗေဒထဲက “အမေရိကန်စနစ်/ဝါဒ” (သို့မဟုတ် တုနှိုင်းစရာမရှိတဲ့ အမေရိကန်စနစ်/ဝါဒ)ဟာ “လူဖြူသဘောတရားနဲ့ အမေရိကန်ကြားထဲမှာ ပြန်ရေးခြစ်ထားတဲ့ ညီမျှခြင်းလက္ခဏာတွေ ဖြစ်တဲ့” (Anderson ၂၀၁၉: ၁၃) လူမျိုးနဲ့ လူမျိုးရေး သီအိုရီတွေထဲမှာ စိတ်ကူးနဲ့ မြင်ယောင်ထားတဲ့ လစ်ဘရယ်အမေရိကန်ကို ပြန်ပြီး နက်နက်နဲနဲ နေရာပေးထားတယ်။

ဒီနေရာမှာ အရေးကြီးတာက လူမျိုးရေးခွဲခြားရေးကို ဆန့်ကျင်တဲ့ (သို့) ကိုလိုနီစနစ်ကို ဆန့်ကျင်တဲ့ လုပ်နည်းကိုင်နည်းတွေကို အသုံးချတဲ့ လူဖြူမဟုတ်တဲ့ မနုဿဗေဒပညာရှင်တွေနဲ့ လူဖြူ မနုဿဗေဒပညာရှင်တွေကပဲ အပြောင်းအလဲကို လုပ်ခဲ့တယ်ဆိုတာပဲ။ ဥပမာ - William Willis (၁၉၂၁ - ၁၉၈၃)၊ Diane Lewis (၁၉၃၁ - ၂၀၁၅)နဲ့ Charles Valentine (၁၉၂၉ - ၁၉၉၀)တို့ပဲ ဖြစ်တယ်။ ဒီမနုဿဗေဒပညာရှင်တွေဟာ လူမည်းပါဝါနဲ့ လူမည်းလေ့လာရေးလှုပ်ရှားမှုတွေကို အခြေခံပြီး လူမျိုးရေးခွဲခြားမှုရဲ့ စနစ်တကျဖြစ်ပျက်မှုတွေကို လေ့လာခဲ့ပြီး “မနုဿဗေဒ၊ လူမျိုးနဲ့ ‘အမေရိကန်’တို့ကြားက ဆက်နွှယ်မှုတွေကို ပြန်အဓိပ္ပါယ်ဖွင့်ဖို့” ကြိုးစားခဲ့ကြတယ် (Anderson ၂၀၁၉: ၁၆၄)။ သူတို့တွေဟာ တက္ကသိုလ်တွေအပါအဝင် “အမေရိကန် လူမှု့အင်စတီးကျူးရှင်းတွေမှာ ပုံမှန်လို လက်ခံကျင့်သုံးနေတဲ့ လူဖြူသဘောတရားကို တိတိလင်းလင်းဖွင့်ဟပြသခဲ့တယ်” (Anderson ၂၀၁၉: 16)။


ပြီးတော့ US က မနုဿဗေဒရဲ့ တိုးတက်ပြောင်းလဲမှုအမွေအနှစ်အပေါ်မှာ သံသယတွေ ဝင်စေခဲ့တယ်။

William Willis က ၄င်းရဲ့ လစ်ဘရယ်ဆန်တဲ့ ရည်ရွယ်ချက်ရှိပေမဲ့ လူဖြူမဟုတ်သူတွေရဲ့ သောကတွေ၊ စိတ်ဖိစီးမှုတွေအပေါ်မှာ ဒေါသထွက်ခြင်းမရှိတဲ့ မနုဿဗေဒကို ဖော်ပြခဲ့တယ်။ Willis ဟာ “လူဖြူတွေရဲ့ ဖိနှိပ်မှုနဲ့ လူမည်းတွေရဲ့ ရှင်သန်ရေးအတွက်၊ လွတ်မြောက်ရေးအတွက်နဲ့ တန်းတူညီမျှမှုရရေးတွေအတွက် ရုန်းကန်မှုတွေကို သေချာမဟောပြောနိူင်တဲ့ Boas ရဲ့ မနုဿဗေဒလမ်းကြောင်းရဲ့ ကန့်သတ်ချက်တွေနဲ့ လစ်ဟာချက်တွေကို သတ်မှတ်ပြ” နိူင်ခဲ့တယ် (Anderson ၂၀၁၉: ၁၈၀)။ Diane Lewis ရဲ့ မနုဿဗေဒနဲ့ ကိုလိုနီစနစ် (Anthropology and Colonialism) (၁၉၇၃: ၆၀၁) စာအုပ်မှာလည်း “မနုဿဗေဒ [နဲ့ ၄င်းက လေ့လာတဲ့ လူတွေ]အပေါ် ရှိနေပေမဲ့ အသိအမှတ်မပြုထားတဲ့ အကျိုးဆက်”ကို လေ့လာသုံးသပ်ခဲ့တယ် (Anderson ၂၀၁၉: ၁၈၃)။ Anderson (၂၀၁၉: ၁၈၄) ထောက်ပြသလိုပဲ “Lewis က ‘လူမျိုးရေးခွဲခြားမှုကို ပေါ်ပေါ်ထင်ထင် တိုက်ဖျက်ခဲ့ပြီး တစ်ချိန်တည်းမှာပဲ လူမျိုးရေးခွဲခြား‌ရေးကို ပြန်ပျံ့ပွားစေတဲ့ ဖော်မြူလာတွေ၊ စိတ်ဓါတ်တွေနဲ့ အမူအကျင့်တွေကို ပြန်ကျင့်သုံးတဲ့ မနုဿဗေဒပညာရှင်တွေရဲ့ အလေ့အထတွေကို သတ်မှတ်ပြခဲ့တယ်” (၅၈၃)။ Lewis က ပြောင်းလဲမှုတွေကို အော်ခေါ်ပေမဲ့ “အဲ့ဒီ့ပြောင်းလဲမှုအတွက် သူတို့ရဲ့ နေရာ (သို့) စနစ်တွေကိုတော့ သိပ်မေးခွန်းပြန်မထုတ်တဲ့” မနုဿဗေဒပညာရှင်တွေကိုလည်း တွေ့ခဲ့တယ် (Anderson ၂၀၁၉: ၁၈၁)။

မနုဿဗေဒပညာရှင်တွေ မျက်နှာလွှဲထားလို့ရအောင် အခြေအနေပေးတဲ့ စနစ်ကတော့ ကိုလိုနီစနစ်ပဲဖြစ်တယ်။ Lewis ရဲ့ မနုဿဗေဒနဲ့ ကိုလိုနီစနစ် (၁၉၇၃: ၅၈၃-၄) စာတမ်းမှာ အောက်ပါအတိုင်း ရေးထားတယ်။


“မနုဿဗေဒဟာ အနောက်နဲ့ အနောက်မဟုတ်တဲ့ ရိုးရာဓလေ့တွေကြားက အချိုးအကွေ့အတွက် အင်အားကြီးသူတွေ တီထွင်ထားတဲ့ စိတ်ပိုင်းဆိုင်ရာ တွေးခေါ် ပုံတွေကို အထောက်အကူဖြစ်စေတဲ့ သတင်းအချက်အလက်တွေကို ပေးပို့ပေးတယ်။ ရိုးရာဓလေ့တစ်ခုရဲ့ အပြင်ကနေ စောင်းမြောင်းကြည့်ရှုတဲ့ မနုဿဗေဒပညာရှင်တွေက အနောက်ရဲ့ ယဥ်ကျေးမှုတည်ဆောက်ပုံတွေနဲ့ တခြားသော ရိုးရာဓလေ့တွေကြားထဲက မတူညီမှုတွေကို မှတ်တမ်းကောက်ကြတယ်။ လူအုပ်စုနှစ်ခုကြားက မတူညီမှုတွေကို မှတ်တမ်းပြုထားရုံသက်သက်က လူမျိုးရေးခွဲခြားရာမရောက်ပါဘူး။ ဒါပေမဲ့ ကိုလိုနီစနစ်အရတော့ အဲ့ဒီလို ယူဆမှုက မလွဲမသေ လိုကိုလိုအပ်နေတယ်။”


Willis လိုပဲ Lewis ဟာလည်း ခွဲခြားဆက်ဆံခံခဲ့ရပြီး မနုဿဗေဒကို ပါရဂူတန်းထိ မတက်သင့်ကြောင်း ပါမောက္ခတွေရဲ့ တိုက်တွန်းမှုတွေကို တွေ့ကြုံခဲ့တယ် (Rodriguez ၂၀၁၈)။ Willis လိုပဲ Lewis က “ရိုးရာဓလေ့ရဲ့ ဖြစ်ပုံဖြစ်နည်း” (culture concept) ရဲ့ မနုဿဗေဒနဲ့ လူမျိုးရေးခွဲခြားမှုတွေကို တန်ပြန်သုံးသပ်နိူင်စွမ်းကို မေးခွန်းထုတ်ခဲ့တယ်။ Lewis က Charles Valentine ရဲ့ ၁၉၇၂ ခုနှစ်ထုတ် လူမည်းလေ့လာရေးနှင့် မနုဿဗေဒ (Black Studies and Anthropology) စာအုပ်ထဲမှာ လူမှုသိပ္ပံပညာထုတ်လုပ်မှုဟာ လူမျိုးနဲ့ လူတန်းစားအခွင့်ထူးခံစားခွင့်ရမှုတွေကို ဝေဖန်ချက်တွေနဲ့ သဘောတူညီခဲ့တယ်။ “မညီမျှမှုများကို တုံ့ပြန်ချက်တစ်ချက်: လူမည်းမိန်းမများ၊ လူမျိုးရေးခွဲခြားမှုနဲ့ လိင်အခြေပြုခွဲခြားမှု” ဆိုတဲ့ ၁၉၇၇ ခုနှစ်က စာတမ်းမှာ Lewis က မနုဿဗေဒပညာရှင်တော်တော်များများဟာ “လူဖြူမဟုတ်တဲ့သူတွေကို လေ့လာရင်း ဖိနှိပ်မှုစနစ်တွေကို ကြည့်ဖို့ လက်ရွံ့နေကြတယ်” လို့ ဖြည့်စွက်ထားတယ်။ လူမည်းမိန်းမတွေဟာ လူမျိုးရေးခွဲခြားမှုရော လိင်အခြေပြုခွဲခြားမှုကိုပါ ခံစားရတဲ့ အဖိနှိပ်ခံအုပ်စုနှစ်စုရဲ့ အဖွဲ့ဝင်တွေဖြစ်တယ်လို့လည်း ထောက်ပြခဲ့တယ်။


အဲ့ဒါကြောင့် အမေရိကန်မနုဿဗေဒကို စတင်ခဲ့တဲ့ တချို့ဦးဆောင်သူတွေက ဒီဘာသာရပ်ကို ကိုလိုနီစနစ်ကနေ ချွတ်ချဖို့ စဥ်းစားခဲ့ကြတာပဲ ဖြစ်တယ်။ သူတို့ဟာ လျစ်လျူရှူခံခဲ့ရပြီး အတည်တကျအဆက်ဆံမခံခဲ့ရဘူး။ ကြားနေတယ်ပဲပြောပြော (သို့) ကိုယ်စီးနေတဲ့ “လှေကို မလှုပ်ချင်တဲ့” စိတ်ဓါတ်တွေဟာ အကြမ်းဖက်မှုတွေကို ဆက်ဖြစ်စေတဲ့ နည်းလမ်းဖြစ်လာပြီး လျစ်လျူရှုနည်းတစ်နည်း (သို့) အခြေချနေသူတွေရဲ့ အပြစ်ကင်းစင်မှုတစ်ခုပဲ။


“စောဒကတက်ခြင်းက ငါ့ကိုသင်ပေးတဲ့ အမှန်တရားတွေကတော့ အကြမ်းဖက်မှုတွေကို ဆက်ဖြစ်စေပြီး ပြန်မွေးဖွားစေတာကဟာ လူတွေက “လှေကို မလှုပ်ချင်”လို့ပဲ။ ပြီးတော့ “ရှိပြီးသားတွေကို ထိန်းသိမ်းတာ” (သို့) “ထိန်းသိမ်းတဲ့ လုပ်စဥ်” မှာကိုပဲ အကြမ်းဖက်တွေ အများကြီး ထပ်ဖြစ်နေတယ်” (Sara Ahmed ရဲ့ tweet)။


ကျွန်တော်တို့ တချို့က လူမျိုးရေးခွဲခြားရေးကို သုံးသပ်ချင်ပြီး (သင်ရိုးတွေ၊ ဌာနတွေနဲ့ မနုဿဗေဒကို) ကိုလိုနီစနစ်ကနေ ချွတ်ချချင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ကိုယ့်ကိုကိုယ် လစ်ဘရယ် မနုဿဗေဒပညာရှင်တွေအဖြစ် ပြသရင်း ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေဟာ အပြောင်းအလဲအစစ်အမှန်ထက် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမြုပ်နှံမှုတွေနဲ့ စိတ်ဝင်စားမှုတွေကိုသာ ဦးစားပေးနေကြတယ်။ နိဂုံးချုပ်ရရင် ကိုလိုနီအခြေချနိူင်ငံတွေဖြစ်တဲ့ ကနေဒါတဲ့ US လိုနိူင်ငံတွေမှာ မနုဿဗေဒကို ကိုလိုနီစနစ်ကနေ ချွတ်ချဖို့ မလွယ်ဘူးလို့ ကျွန်တော်ထင်တယ် (Tuck နဲ့ Yang ၂၀၁၂ ကိုကြည့်ပါ)။


အဲ့ဒီအစား မနုဿဗေဒကို ကိုလိုနီစနစ်ကနေ ချွတ်ချခြင်းဟာ “ငါတို့ တည်ဆောက်ချင်တဲ့၊ ပြုစုချင်တဲ့၊ အသက်သွင်းချင်တဲ့ ကမ္ဘာတွေရဲ့ ကျင့်ဝတ်တွေကို ရောင်ပြန်ဟပ်တဲ့ အရာတစ်ခုကို တည်ဆောက်ဖို့အတွက် အချိန်ဘယ်လောက်ကြာကြာ ထိတွေ့ဆက်ဆံရင်းနှီးရမဲ့ လမ်းစဥ်တစ်ခု” ဖြစ်တယ် (Todd ၂၀၁၈)။ ကျွန်တော်တို့ လုပ်ရမှာက ခိုးထားတာတွေ ပြန်ပေးပြီး (ဥပမာ - ကျွန်တော်တို့ အလုပ်လုပ်နေတဲ့ မြေတွေရဲ့ အသက်နဲ့ အသိပညာတွေကို လေးစားခြင်း၊ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေကို (အမှန်တကယ် ချွတ်ချနေတာ မဟုတ်ဘဲနဲ့) ‘ကိုလိုနီစနစ်က ချွတ်ချနေတာပါ’လို့ မကြွေးကြော်ဘဲ ပြန်လည်သုံးသပ်ခြင်း) ကျူးလွန်ခဲ့တဲ့အမှားတွေကို အသိအမှတ်ပြုပြီး ပြန်လည်ပေးအပ်တာတွေ စလုပ်ရမယ်။

“ကိုလိုနီစနစ်က ချွတ်ချခြင်းဟာ အင်ပိုင်ယာစနစ်နဲ့ ကိုလိုနီစနစ်တွေကို အဆင့်ပေါင်းစုံကနေ ထိတွေ့ဆက်ဆံတဲ့ နည်းလမ်းတစ်ခုဆိုရင်” (Tuhiwai Smith ၂၀၁၂) လူစိတ်ဝင်စားရုံ ခေါင်းစဥ်တွေကနေ ခွာပြီး တကယ့်ကို ခက်ခဲတဲ့၊ သက်တောင့်သက်တာမရှိတဲ့ အလုပ်ကို လုပ်ကြပါစို့။ အောက်မှာ ဒီလိုလုပ်ကြဖို့ ကျွန်တော် စဥ်းစားထားတာတွေကို ဖော်ပြလိုက်တယ်။


ဆက်ရန်


ပုံ - Essakhi12 ရေးဆွဲသော "မနုဿဗေဒ သမိုင်းလိုပဲ ဒါပေမဲ့ သမိုင်းထက် ပိုညစ်ပတ်တယ်" ဆိုသော ပိုစတာ Physical copy ကို အောက်ပါလင့်ခ်မှာ ဝယ်ယူနိူင်ပါတယ်

https://www.redbubble.com/i/poster/Anthropology-Like-History-But-Dirtier-Funny-Forensic-Biology-forensic-science-student-teacher-by-Essakhi12/64385051.LVTDI


ဘာသာပြန်မှတ်ချက်များ


၁) ဤအပိုင်းတွင် စာရေးသူ၏ အဓိကအာဘော်သည် ကိုလိုနီစနစ်ကို ချွတ်ချသော လုပ်ရပ်များ (သို့ ကိုလိုနီစနစ်ကို ချွတ်ချသည်ဟု အမည်ခံထားသော လုပ်ရပ်များ)ကြားထဲမှ မတူညီသော ဖြစ်တည်မှုများပေါ် အခြေခံသော တန်းတူညီမျှမှု (equity) နှင့် အပေါ်ယံတန်းတူညီမျှမှု (equality) နှစ်ခုအပေါ် တွေ့မြင်ကျင့်သုံးရာမှ ကွာဟနေမှုများကို ထောက်ပြထားခြင်း ဖြစ်သည်။ အပေါ်ယံတန်းတူညီမျှမှု (equality) ဆိုသည်မှာ ဖိနှိပ်ခံလူတန်းစားများကြားထဲမှ မတူညီနေသော ဖြစ်တည်မှုဘက်ပေါင်းစုံကို ထည့်သွင်း မစဥ်းစားဘဲ ဖိနှိပ်ခံရမှုတစ်ခုတည်းကိုသာ ကွက်ကွင်းကြည့်သော အပေါ်ယံ တန်းညီခြင်း ဖြစ်သည်။ ဥပမာ - မြန်မာနိူင်ငံကဲ့သို့ ကမ္ဘာ့အလယ်တွင် ဖိနှိပ်ခံနေရသော နိူင်ငံတစ်နိူင်ငံ၊ စစ်အာဏာရှင်လက်အောက်သို့ လက်ရှိကျရောက်နေသော နိူင်ငံတစ်နိူင်ငံမှ မည်သူကိုမဆို ကူညီကယ်ဆယ်လိုက်ပါက ဖိနှိပ်မှုကနေ လွတ်မြောက်အောင် တန်းညီလိုက်သည်ဟု အပေါ်ယံလွယ်လွယ် ကောက်ယူ၍ ရကောင်းရသော်လည်း မြန်မာနိူင်ငံတွင်းမှ မြို့ပြတွင် နေထိုင်သူ၊ ကျေးလက်ဒေသတွင် နေထိုင်သူ၊ တောင်တန်းဒေသတွင် နေထိုင်သူ၊ ပိုက်ဆံရှိသူ လူကုန်ထံအသိုင်းအဝိုင်းမှ လာသူ၊ စစ်ပြေးရှောင်များ၊ ၄င်းတို့အထဲကမှ ယောင်္ကျားဖြစ်သူ၊ မိန်းမဖြစ်သူ (ထိုအထဲကမှ မိမိလိင်စိတ်တိမ်းညွှတ်မှုနှင့် မိမိ၏ ဇီဝဗေဒခန္ဓာဖြစ်တည်မှု ထပ်တူရှိသူများ) အစရှိသဖြင့် မတူညီသော နောက်ခံဖြစ်တည်မှုများကို ထည့်သွင်းမစဥ်းစားပါက ထို equality စကားများသည် တကယ်တမ်း အပြောင်းအလဲကို ဖြစ်စေသော လုပ်ရပ်များ မဟုတ်ပေဆိုသည်ကို သတိချပ်ရမည်။ စာရေးသူက ဤနေရာတွင် equity ဟု ခေါင်းစဥ်တပ်ထားသော လုပ်ရပ်များမှာကိုက အပြစ်အနာအဆာ မကင်းသေးသည်ကို ထောက်ပြထားသည်။


ဤထောက်ပြချက်များတွင် လူမျိုးရေး (race) ကို အဓိကထား သုံးသပ်ထားသည်။ မြန်မာပြည်အရေးတွင်တော့ လူမျိုးရေးဟုဆိုရာတွင် လူမျိုးစုအရေးကို ဆိုလိုပါက ပိုပြီး ကွက်ကွက်ကွင်းကွင်း မြင်နိူင်ပေမည်။ မြန်မာပြည်နိူင်ငံရေးကို လေ့လာသုံးသပ်သူ အော်စတေးလျလူမျိုး လူဖြူပညာရှင် Mary Callahan က ဆွေးနွေးပွဲတစ်ခုတွင် မြန်မာပြည်က လူမျိုးစုအရေးသည် အနောက်နိူင်ငံတွေက လူမျိုးရေးပြဿနာများနှင့် ခပ်ဆင်ဆင်တူသည်ဟု ပြောသည်ကို ကျွန်မကိုယ်တိုင် နားထောင်ခဲ့ရဖူးသည်။ ဤအဆိုသည် လုံးဝဥဿုံ မှန်နေသည် မဟုတ်ဘဲ ခွဲခြမ်းစိတ်ဖြာသင့်သည်။ ဥပမာ - မြန်မာပြည်တွင် မည်သူက ဗမာ၊ မည်သူက ကရင်ဆိုသည်မှာ အနောက်နိူင်ငံက လူဖြူ vs. လူမည်းလိုမျိုး ရုပ်ကို ကြည့်ရုံနှင့် သိနိူင်သည် မဟုတ်ပေ။ ဤကဲ့သို့ အတင်းကာရော ဇွတ် မြန်မာနိူင်ငံလူမျိုးစုအရေးကိစ္စကို အနောက်နိူင်ငံ လူမျိုးရေးနှင့် နှိုင်းယှဥ် အဖြေထုတ်ဖို့ ကြိုးစားသည်မှာ ကိုလိုနီဆန်နေသေးသည်သာမက အတွေးအခေါ်ပိုင်းအရ အပျင်းကြီးသည်ဟု ကျွန်မ မြင်မိသည်။


၂) Equity ပြဿနာများထဲမှ စုံလင်ကွဲပြားမှုကို အတင်းကာရော ကြိုးစားခြင်းသည်လည်း ပြဿနာရှိနေကြောင်း စာရေးသူက ထောက်ပြထားသည်။ ကျွန်မတို့ မြန်မာနိူင်ငံတွင်လည်း စုံလင်ကွဲပြားမှုကို အတင်းကာရော ကြိုးပမ်းသည်ဆိုသည်မှာ တိုင်းရင်းသားလူမျိုးစု အုပ်စု ခွဲခြင်း ပြဿနာက စတည်ခဲ့သည်ဟု ဆို၍ရသည်။ ထိုကဲ့သို့ စုံလင်ကွဲပြားအောင် ကြိုးစားရာတွင် တကယ်တမ်းရှိနေသော စုံလင်ကွဲပြားမှုများကို စိတ်မဝင်စားဘဲ မိမိလိုချင်သော စုံလင်ကွဲပြားမှုမျိုးကိုသာ ဦးစားပေးခြင်းဖြစ်သည်ဆိုတာကို နိူင်ငံရေးအရရော ပညာရှင်အသိုင်းအဝိုင်းမှာပါ တွေ့မြင်နေရသည်။ ကိုလိုနီစနစ်ကို ချွတ်ချသည်ဟု ကြွေးကြော်ကြရာဝယ် ဖြစ်တည်မှု တံဆိပ် (identity label) အရ စုံလင်ကွဲပြားမှုများကိုသာ ဦးစားပေးမည်လား? အတွေးအခေါ်နှင့် အမူအကျင့်ပိုင်းဆိုင်ရာအရ စုံလင်ကွဲပြားမှုများကို ဦးစားပေးမည်လား? စဥ်းစားသင့်ပေသည်။


၃) စာရေးသူထောက်ပြသွားသည့်အထဲတွင် လူများကြားထဲမှ မတူညီမှုများကို ထောက်ပြခြင်းသည် ခွဲခြားဆက်ဆံရာရောက်သလားဆိုသည့် မေးခွန်းကို မေးစေသည့်အချက်တွေလည်း ပါနေသည်။ မနုဿဗေဒသည် ဘာသာရပ်အရ မိမိနှင့်မတူသော တစ်ခြားတစ်ပါးကို လေ့လာသော ဘာသာရပ်တစ်ခု ဖြစ်သည်။ (အခုနောက်ပိုင်းတွင် မိမိ၏ ဖြစ်တည်မှုကို ပြန်လည်လေ့လာသော မိမိကိုယ်ကို လေ့လာသော အက်သနိုဂရပ်ဖီ သို့ autoethnography နည်းလမ်းများ၊ သီအိုရီများလည်း ပေါ်ပေါက်လာပြီ ဖြစ်သည်။ အထူးသဖြင့် လူမည်း ဖီမီနင့် မနုဿဗေဒပညာရှင်များက ဦးဆောင်ခဲ့ကြခြင်း ဖြစ်သည်။) သို့‌ပေသိ မိမိနှင့် မတူသော အရာများ၊ လူများ၊ ဖြစ်တည်မှုများကို လေ့လာခြင်းသည် အလိုအလျောက် ခွဲခြားရာ ကျသလား? သို့မဟုတ် ထိုကဲ့သို့ လေ့လာမှုများအတွက် အရင် လိုအပ်နေသော ပြင်ဆင်မှုများအတွင်း၊ သုတေသနလုပ်ရပ်များအတွင်း မြုံထားသော ကိုလိုနီသဘောတရားများကြောင့်သာ မနုဿဗေဒသည် ကိုလိုနီဆန်နေသည်လား?


ကျွန်မ အမြင်တွင်တော့ မိမိ လူမျိုးစု၏ ဖြစ်တည်မှုကို ပြန်လေ့လာသော မနုဿဗေဒပညာရှင်များသည်လည်း တစ်ခြားတစ်ပါးကို လေ့လာနေဆဲ ဖြစ်သည်။ ဤနေရာတွင် ထိုတစ်ခြားတစ်ပါးသည် လူဖြူများ မနုဿဗေဒ ဓလေ့အရ လေ့လာခဲ့သော၊ လေ့လာဆဲဖြစ်သော တစ်ခြားတစ်ပါးထက် သုတေသနပညာရှင်နှင့် ပိုမိုနီးကပ်နေသည်သာ ဖြစ်သည်။ မိမိအကြောင်းကိုသာ လေ့လာမည်ဆိုပါက ဒါသည် ခွဲခြမ်းစိတ်ဖြာသုံးသပ်တာ မဟုတ်တော့၊ ကိုယ်ရေးအတ္တုပတ္တိ ရေးသည်သာ ဖြစ်မည်။ (ဤနေရာတွင် ကိုယ်ရေးအတ္တုပတ္တိရေးခြင်းသည် မကောင်းဘူးဟု ဆိုလိုခြင်း မဟုတ်‌ပေ။ ကိုယ်ရေးအတ္တုပတ္တိသည် ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်း ဖြစ်ချင်မှ ဖြစ်ပေမည်။) ခွဲခြမ်းစိတ်ဖြာခြင်းကို လုပ်ချင်သော ပညာရှင်များအတွက် မိမိ၏ ဖြစ်တည်မှုကိုလည်း ခွဲခြမ်းစိတ်ဖြာနိူင်ရမည်။ ဤနေရာတွင် လူဖြစ်တည်မှုဆိုသည်မှာ တစ်သီးပုဂ္ဂလ တည်ရှိနေခြင်းမဟုတ်သည့်အတွက် မိမိဖြစ်တည်မှုအပေါ် (သို့) မိမိဖြစ်တည်မှုက သူတစ်ပါးအပေါ် ရိုက်ခတ်နေသော လူမှုဖြစ်စဥ်များကိုလည်း ပြန်လည်သုံးသပ်နိူင်မှသာ ခွဲခြမ်းစိတ်ဖြာစဥ်းစားတွေးခေါ်ရာ ရောက်မည်ဟု မြင်မိသည်။

Autoethnography အတွက် Sonja Nosisa Noonan-Ngwane ၏ “In Place: A Pandemic Auto Graphic” ဆိုသော မိမိကိုယ်ကို ပြန်သုံးသပ်သော အက်သနိုဂရပ်ဖီ ကာတွန်းကို ပြန်ဝေမျှချင်သည်။

https://www.anthropology-news.org/articles/in-place/






13 views0 comments